ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို စနစ်တကျထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လေလံတင်ရောင်းချမည့်အချိန်မတိုင်မီ သစ်များမှာ ၃၀ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(RCA)၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ပြောသည်။
တရားမဝင်သစ်များကိုဖမ်းဆီးပြီးနောက် ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နေချိန်တွင် ယင်းသစ်များကို အမိုးအကာမရှိဘဲစုပြုံထားသည့်အတွက် ရာသီဥတုဒဏ်ကြောင့် သစ်များပျက်စီးရကြောင်း ၎င်းကပြောသည်။
“သူတို့က ပရီုစီဂျာအတိုင်းသွားတဲ့အခါ အဆင့်ဆင့်တင်ရတဲ့အတွက်ကြောင့် လေလံတင်ဖို့ခွင့်ပြုချက်ရဖို့ စောင့်ရတဲ့အချိန် တော်တော်ကြာပါတယ်။ အချို့သစ်တွေဆိုရင် မိုးရေထဲမှာ တစ်မိုးကုန်၊ နှစ်မိုးကုန်ထားရတော့ သစ်တွေကမှိုပေါက်ပြီး ဆွေးကုန်တာမျိုးတွေ မြင်တွေ့နေရတယ်။ အခုလိုပျက်စီးကုန်တော့ နိုင်ငံ့အတွက်လည်း အများကြီးဆုံးရှုံးရတာပေါ့”ဟု ဒေါက်တာမောင်မောင်ကြည်က DMG သို့ ပြောသည်။
ယင်းကြောင့် လေလံတင်ရောင်းရာတွင် လုပ်ငန်းစဉ်အလိုုက် ကြန့်ကြာနေသည့်ကြိုးနီစနစ်နှင့် သစ်တောဝန်ထမ်းများ၏ အခက်အခဲများကိုု သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတိပြုရန်လိုအပ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
၂၀၂၀-၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနတွင် ပုံစံ(ဂ)ဝင် သစ်လက်ကျန် ၁၃၇၈ ဒသမ ၀၄၀၉ တန်ကျန်ရှိပြီး ယင်းအနက်မှ သစ်တောရုံးမှမယူသည့် သစ်တန်ချိန် ၇၅၀ ဒသမ ၁၄၃ တန်ကို ပြည်နယ်အစိုးရမှ လေလံတင်ရောင်းချရန် ခွင့်ပြုမိန့်ပေးထားကြောင်း သိရသည်။
“ဖမ်းမိတဲ့သစ်တွေကို ချက်ချင်းလေလံတင်လိုု့မရဘူး။ ဖမ်းမိရင် တရားရုံးကို အရင်အမှုတင်ရတယ်။ တရားရုံးမှာအမှုပြီးသွားတဲ့အခါကျမှ ဒီသစ်တွေကိုလေလံတင်ခွင့်ပြုဖို့ ပြည်နယ်အစိုးရဆီ တင်ရတယ်။ အစိုးရအဖွဲ့ဆီကနေခွင့်ပြုမိန့်ရမှ ဒီသစ်တွေကို လေလံတင်ရတာ”ဟု ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသောသစ်များကို အချိန်ကာလကြာမြင့်စွာပုံထားခြင်းထက် စောလျှင်စွာလေလံတင်ရောင်းချခြင်းမျိုးကိုဆောင်ရွက်သင့်ကြောင်းနှင့် လေလံတင်ရောင်းချရာတွင်လည်း ပွင့်လင်းမြင်သာစွာရောင်းချစေလိုကြောင်း စစ်တွေမြို့ဒေသခံ ကိုမိုးကျော်ကပြောသည်။
“သစ်တွေကိုလေလံပစ်တဲ့အခါ အများသိနိုင်လောက်တဲ့ ပုံစံတွေနဲ့လုပ်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ လက်ရှိမှာက နီးစပ်ရာလောက်ပဲသိပြီး နီးစပ်ရာကပဲ လေလံဆွဲသွားတယ်လို့မြင်မိတယ်။ တစ်မြို့လုံးမသိရင်တောင်မှ အများသိအောင် လုပ်ပေးသင့်တယ်လို့မြင်ပါတယ်”ဟု ကိုမိုးကျော်က ၎င်း၏အမြင်ကိုပြောသည်။
ရခိုင်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ သစ်တန်ချိန်စုစုပေါင်း ၅၁၈၁ ဒသမ ၅၀၉၁ တန်ကို ဖမ်းဆီးရမိခဲ့ပြီး အများဆုံးသစ်ဖမ်းဆီးရရှိမှုမှာ သံတွဲခရိုုင်မှဖြစ်ကာ ၄၀၄၆ ဒသမ ၈၄၁၇ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။