မြင်သာထင်သာရလဒ်တချို့ဖြင့် အာဆီယံထိပ်သီးအစည်းအဝေးကြီး ပြီးဆုံးခဲ့သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ အမေရိကန် – တရုတ် ပြိုင်ဆိုင်မှုအရိပ်အောက်က အာဆီယံသည် ၎င်း၏ ဆက်စပ်ပတ်သက်မှုကို ထိန်းသိမ်းရန် ကြိုးစားနေရသည်။
ကြာသပတေးနေ့ကထုတ်ပြန်ခဲ့သော ဘရူနိုင်းနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်တွင် ASEAN Shield ဟုခေါ်ဆိုသော ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေတုန့်ပြန်မှုများအတွက် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက်အပါအဝင် အစည်းအဝေးကာလ ၃ ရက်အတွင်း သဘောတူညီချက်များကို အလေးပေးဖော်ပြထား သည်။ စင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute မှ အကြီးတန်းပညာရှင် Sharon Seah ကလည်း အာဆီယံခေါင်းဆောင်များ၏ စာတမ်းပေါင်း ၁၀၀ နီးပါးလက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
အကြီးမားဆုံးသောအောင်မြင်မှုမှာ တရုတ် နှင့် ဩစတြေးလျနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး များ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ပိုမိုခိုင်မာသောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အသေးစိတ်သဘော တူညီချက်များဖော်ပြမထားသော အာဆီယံ နှင့် ယင်းနှစ်နိုင်ငံထိပ်သီးအစည်းအဝေးများမှထုတ်ပြန်ချက်တွင် “အဓိပ္ပါယ် ပြည့်ဝသော ၊ ခိုင်လုံသော ၊ အပြန်အလှန်အကျိုးရှိသောဆောာင်ရွက်မှုများ” စသဖြင့်ဖော်ပြထားသည်။ “ဤ ဆက်ဆံရေး ၂ ခုက အတော်လေးကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်နေပြီး အနာဂတ်တွင် ပိုမိုနီးကပ်လာမည်ဟု မျှော်လင့် ထားကြောင်း သဘောတူညီချက်များကအချက်ပြနေသည်” ဟု Seah ကပြောကြားခဲ့သည်။
သို့သော်ငြား ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရန် ဂျာကာတာသဘောတူညီချက် ၅ ချက်ကို ဆောင်ရွက်နိုင်ခြင်းမရှိ သေးသည့်ကိစ္စဖြင့် အာဆီယံထိပ်သီးခေါင်းဆောင်များ ရုန်းကန်နေရသည်။
မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့်မပြုခဲ့သည့် အဆိုပါအဖွဲ့၏ မကြုံစဖူးခြေလှမ်းကြောင့် အချို့သော ပညာရှင်များကလည်းချီးကျူးနေကြသည်။ “အွန်လိုင်းထိပ်သီးအစည်းအဝေးကျင်းပခဲ့တဲ့ ဘရူနိုင်းနိုင်ငံရဲ့အဖွဲ့အစည်း နဲ့ ခေါင်းဆောင်တွေထုတ်ပြန်တဲ့ ခိုင်မာတဲ့ကြေညာချက်တွေကို ကျနော်သဘောကျမိပါတယ်” ဟု ယူကေ Chatham House ၏ အာရှ – ပစိဖိတ်ရေးရာအစီအစဥ် တွဲဖက် ဘီးလ် ဟေတွန် ကပြောသည်။ တဆက်တည်းပင် “ မြန်မာစစ် အာဏာရှင်အပေါ် အာဆီယံ၏စိတ်ရှည်သည်းခံမှုက နောက်ဆုံးတော့လည်း ကုန်ဆုံးသွားပါပြီ။ ဆက်ဆံရေးပျက်ခဲ့တဲ့ အပေါ် စစ်အာဏာရှင်က သူ့ကိုယ်သူအပြစ်တင်ဖို့ပဲရှိပါတယ်” ဟုပြောသည်။
The Economist Intelligence Unit မှ မြန်မာနိုင်ငံဆိုင်ရာလေ့လာဆန်းစစ်သူ Bryan Tse ကလည်း “သဘောတူ ထားပြီး ဖြစ်တဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကိုကျော်လွန်တဲ့ ကြီးမားတဲ့လုပ်ဆောင်ချက်ကို ကျနော်တို့ မျှော် လင့်မထားပါဘူး။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအပေါ် မကျေမနပ်ဖြစ်နေရပါတယ်” ဟုပြောသည်။ ဆက် လက်ပြီး သူက “အာဆီယံက မြန်မာနိုင်ငံကို အဖွဲ့ကနေထုတ်ပစ်လိုက်ဖို့ ဒါမှမဟုတ် အတိုက်အခံတွေကို တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုပေမယ့် အာဆီယံပွဲတွေမှာ မြန်မာစစ်အာဏာရှင်ရဲ့တည်ရှိနေမှုက ဆက်ပြီး ရပ်တန့် သွားနိုင်ပါတယ်” ဟု ပြောသည်။
အစည်းအဝေးများအတွင်း မြန်မာပြဿနာက အာဆီယံရပ်တည်မှုကိုခြိမ်းခြောက်နေသည်ဟု နိုင်ငံခေါင်းဆောင်တချို့ က သတိပေးခဲ့သည်။
“မြန်မာနိုင်ငံရေးဖြစ်စဥ်မှာ တိုးတက်မှုမရှိတာက အာဆီယံရဲ့ယုံကြည်ကိုးစားမှုကိုမေးခွန်းထုတ်စရာဖြစ်စေတယ်” ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးကပြောသည်။ “မသန်စွမ်းအားနည်းမှုကို ကျနော်တို့ ဘယ်လိုတုန်ပြန်လဲ ဒါမှမဟုတ် ကျနော်တို့ စုပေါင်းတုန့်ပြန်ပုံက အာဆီယံရဲ့ဆက်စပ်မှုကို အတည်ပြုပေးပါလိမ့်မယ်” ဟုလည်း သူကပြောသည်။ အာဆီယံဆိုတာ “စကားပြောဆိုင်”မျှသာမဟုတ်ကြောင်းသက်သေပြရန် မိမိတို့အပေါ်မူတည်ပါသည်။
ဥက္ကဋ္ဌကြေညာချက်တွင် အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံသည် ပြည်တွင်းရေး မစွက်ဖက်ရမူကို ဆက်ပြီး လေးစားသွားမည် ဖြစ်သော်လည်း မြန်မာ့အခြေအနေနှင့်ပတ်သက်ပြီး အာဆီယံမူများကျင့်သုံးရာတွင် ချိန်ခွင်လျှာညှိရန်လိုအပ်ကြောင်း ထပ်မံ အတည်ပြုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသည် အာဆီယံမိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး စိန်ခေါ်မှုများကိုဖြေရှင်းရန် ကာလနှင့် နိုင်ငံရေးချိန်ခါသင့်ရန်လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်။
အမေရိကန် ၊ ဩစတြေးလျ ၊ အိန္ဒိယ ၊ ဂျပန်တို့၏ QUAD အပြင် AUKUS (ဩစတြေးလျ ၊ ယူကေ နှင့် အမေရိကန် ပါဝင် သော အင်ဒို – ပစိဖိတ်အတွက် သုံးနိုင်ငံလုံခြုံရေးအဖွဲ့) လုံခြုံရေးမဟာမိတ်နှစ်ဖွဲ့ပေါ်ပေါက်လာခြင်းက ဒေသ တွင်း ဗဟို ချုပ်ကိုင်မှု နှင့် အစုအဖွဲ့၏စည်းလုံးညီညွတ်မှုအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေပါသည်။ အမေရိကန် နှင့် တရုတ် ၂ နိုင်ငံစလုံးသည် ကာကွယ်ဆေးဗဟိုပြုထားသော သံခင်းတမန်ခင်းနှင့်ဖြစ်စေ စီးပွားရေးဆိုင်ရာ တိုးချဲ့မှုများ အတွက် ကတိပေးခြင်းနှင့်ဖြစ်စေ အာဆီယံဒေသတွင်း၌ ၎င်းတို့ဩဇာပိုမိုလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ယခုသီတင်းပတ် ထိပ်သီးအစည်းအဝေးတွင် ဂျိုးဘိုင်ဒန်ရောက်ရှိနေခြင်းက ၎င်း၏ ကိုယ်ပိုင်အခွင့်အရေးအတွက် ဖြစ်ကြောင်း နိုင်ငံရေးအရ သိသာထင်ရှားလှသည်။ လေးနှစ်တာကာလအတွင်း အမေရိကန်သမ္မတတဦးအနေဖြင့် အာဆီယံနှင့် ဆွေးနွေးမှုတွင် ပထမဆုံးအကြိမ်ပါဝင်ခြင်းဖြစ်သည်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံရင်ဆိုင်နေရသော သိမ်မွေ့သည့်အင်အားချိန်ခွင်လျှာနှင့်ပတ်သက်ပြီး – “တခြားအာဆီယံနိုင်ငံများနည်းတူ စင်ကာပူကလည်း အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံစလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လိုချင်ပါတယ်။ မိမိတို့အနေနဲ့ အာဆီယံဒေသကို ဒေသတွင်းပြိုင်ဆိုင်မှုတွေနဲ့ ပဋိပက္ခတွေရဲ့ ကွင်းပြင်ဖြစ်လာတာမျိုး မမြင်ချင်သလို တဖက်သတ်အတင်းအကြပ်ဖိအားပေးတာမျိုးလည်း မဖြစ်စေချင်ပါဘူး” ဟုပြောသည်။
သို့သော်လည်း ဩစတြေးလျနှင့် နျူးရေငုပ်သင်္ဘောနည်းပညာမျှဝေရန် AUKUS (ဩစတြေးလျ ၊ ယူကေ နှင့် အမေရိကန် ပါဝင်သော အင်ဒို – ပစိဖိတ်အတွက် သုံးနိုင်ငံလုံခြုံရေးအဖွဲ့) ၏အစီအစဥ်ကြောင့် အရှေ့တောင် အာရှ နိုင်ငံများ မကျေ မနပ်ဖြစ်ခဲ့ရသည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့က အဆိုပါအစီအစဥ်သည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို အရှိန်မြှင့် နိုင်သည်ဟု ဆိုကြသည်။
“AUKUS နှင့် (အရှေ့တောင်အာရှနျူးကလီးယားလက်နက်ကင်းမဲ့ဇုန်) သဘောတူစာချုပ်အရ ဒေသတွင်းငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နဲ့ လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ကိစ္စရပ်တွေမှာ စည်းလုံးညီညွတ်မှုအားနည်းလို့ ဝမ်းနည်းစရာပါ” ဟု မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ် ကပြောသည်။
ယခုသီတင်းပတ်ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဘရူနိုင်းနိုင်ငံမှ Sultan Hassanal Bolkiah က ကြာသပတေးနေ့ကသတင်းထောက်များကိုပြောကြားရာတွင် ဒေသတွင်းငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး အတွက် အပြုသဘောဆောင်သောပံ့ပိုးကူညီမှုများ နှင့် ဒေသဆိုင်ရာတည်ဆောက်မှုတွေကိုဖြည့်စွမ်းပေးနိုင်သည့် လုံခြုံရေးဆိုင်ရာမိတ်ဖက်သစ်ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း ၊ မြန်မာနိုင်ငံသည် အာဆီယံမိသားစု၏ မရှိမဖြစ် အစိတ်အပိုင်းဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး စည်းလုံးညီညွတ်ရေးကိုအလေးပေးပြောကြားခဲ့သည်။
စည်းလုံးညီညွတ်မှုရှိခြင်း သို့မဟုတ် မရှိခြင်းက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံ အောက်တွင် ထပ်မံစမ်းသပ်ခံရနိုင်သည်။ ကမ္ဘောဒီးယား နှင့် တရုတ်နိုင်ငံတို့အကြား နီးကပ်သော ဆက်ဆံရေး ရှိနေသည်က လျှို့ဝှက်ချက်တခုတော့မဟုတ်ပါ။ နောက်ကြောင်းပြန်မည်ဆိုပါက ၂၀၁၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုအောက်တွင် အငြင်းပွားနေသောတောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ဘေကျင်း၏ သဘောထားကွဲလွဲမှုများကိုင်တွယ်ဖြေရှင်းပုံကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား ပထမဆုံး အကြိမ် သဘောထားကွဲလွဲခဲ့သဖြင့် ပူးတွဲကြေညာချက်မထုတ်ပြန်နိုင်ခဲ့ပေ။
ယခုသီတင်းပတ်ပိတ်ပွဲအခမ်းအနားတွင် ဘရူနိုင်းနိုင်ငံမှဥက္ကဋ္ဌတာဝန်ကိုလွှဲပြောင်းရယူစဥ်တွင် ကမ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်ဆန်က စည်းလုံးညီညွှတ်မှုနှင့် ဗဟိုချုပ်ကိုင်မှုဆိုင်ရာမှတ်သားဖွယ်ရာများကို မှတ်တမ်းတင်ခဲ့လေသည်။
“ကမ္ဘောဒီးယားအနေဖြင့် အာဆီယံစည်းလုံးညီညွတ်ရေးအားကောင်းစေရန် နှင့် အာဆီယံဗဟိုချုပ်ကိုင်မှုကို အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဒေသတွင်း နှင့် ပြင်ပမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟွန်ဆန် ကပြောသည်။ ထို့အပြင် အာဆီယံအနေဖြင့် ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုမြင့်တက်လာခြင်းမှဖြစ်ပေါ်လာသော ဖိအားများနှင့် ဩဇာလွှမ်းမိုးမှုများကို အာဆီယံကခံနိုင်ရည်ရှိရမည်ဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ၊ အကြမ်းဖက် ဝါဒ ၊ ရာသီဥတုပြောင်းလဲမှု ၊ ကူးစက်ရောဂါပျံ့နှံ့မှု ၊ ငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် သာယာဝပြောရေး လမ်းကြောင်းများ ကို အာဆီယံကအာမခံချက်ပေးရမည်” ဟုလည်း ပြေသည်။
သို့သော်လည်း ISEAS-Yusof Ishak Institute မှ Seah ကတော့ ကမ္ဘောဒီးယားခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှု များဆက်လက်ရှိနေနိုင်သည် ဟု ပြောသည်။
“၂၀၁၂ ခုနှစ်ရဲ့ မအောင်မြင်ခဲ့တဲ့ပူးတွဲကြေညာချက်ရဲ့အမှတ်ရစရာတွေက ပျောက်ကွယ်မသွားသေးပါဘူး။ သတိထားရ မယ့်စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုတာ နားလည်ပါတယ်” ဟု သူမကပြောကြားခဲ့သည်။
အခြားတဖက်မှာတော့ ကမ္ဘောဒီးယားအတွက် သက်သေပြနိုင်စရာတခု ရှိကောင်းရှိနေနိုင်ပါသည်။
“အာဆီယံနိုင်ငံတွေဟာ အချုပ်အခြာအာဏာကို သူတို့ရဲ့နှလုံးသားနဲ့ အနီးဆုံးမှာဆုပ်ကိုင်ထားတယ်ဆိုတာ ကောင်း ကောင်းသတိရဖို့ကောင်းပါတယ်။ ကမ္ဘောဒီးယားအနေနဲ့ မဟာဗျူဟာမြောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုထိန်းသိမ်းထား ကြောင်းပြသလိုပြီး ၂၀၁၂ ကလို ထပ်ခါတလဲလဲလိုချင်မှာမဟုတ်ပါဘူး” ဟူ၍လည်း ပြောကြားခဲ့ပါသည်။
ကြည်ဖြူစံ
Ref:Nikkei Asia
ASEAN summits bring wins but leave big questions on Myanmar, unity ကိုဆီလျော်အောင်ရေးသားသည်။