AA နှင့်ဆက်စပ်သူ ၆၁ ဦးကို လွှတ်ပေးသည်ဟုဆိုသော်လည်း ၅၈ ဦးသာ အမှန်တကယ်လွတ်မြောက်သေး

AA နှင့်ဆက်စပ်သူ ၆၁ ဦးကို လွှတ်ပေးသည်ဟုဆိုသော်လည်း ၅၈ ဦးသာ အမှန်တကယ်လွတ်မြောက်သေး

ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သူ ၆၁ ဦးတို့၏ အမှုများကိုပိတ်သိမ်းပြီး ပြန်လည်လွှတ်ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း အောက်တိုဘာလ ၂၁ ရက်နေ့အထိ အကျဉ်းထောင်အသီးသီးမှ အမှန်တကယ်လွတ်မြောက်လာသူ ၅၈ ဦးသာ ရှိသေးကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသူများဖြစ်ကြပြီး စစ်တွေအကျဉ်းထောင်မှ ၇ ဦး၊ မြောက်ဦးအကျဉ်းထောင်မှ ၈ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၄၀ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၃ ဦးတို့ ဖြစ်ကြသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် AA နှင့်ဆက်စပ်သူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့၏ အဖွဲ့ဝင်များနှင့်ဆက်စပ်ပါဝင်သူစုစုပေါင်း ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

“AA ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်လိုက်တဲ့နေ့ကပဲ အကြမ်းဖက်နဲ့ တရားစွဲထားတဲ့သူတွေကို လွှတ်ပေးသင့်တယ်။ လက္ကာအမှုဆိုရင် အခုဆိုသုံးနှစ်ရှိသွားပြီ။ အထောက်အထားမခိုင်လှုံဘဲ တရားစွဲတင်တယ်။ ရုံးထုတ်တယ်။ သူတို့အတွက် ဘယ်လောက်အထိနစ်နာလဲဆိုရင် စီးပွားရေး၊ လူမှုရေး၊ မိသားစုတွေကအစ နစ်နာဆုံးရှုံးကြတယ်။ ဒီဟာတွေက အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်တယ်” ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည်ဟုဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ၃ နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည်။

အဆိုပါ လက္ကာကျေးရွာသား ၂၀ ကျော်ကဲ့သို့ လူသိများသောအမှုများမှာ စစ်ကောင်စီမှအမှုရုပ်သိမ်းပေးရာတွင် ပါဝင်လာခြင်းမရှိသေးပေ။

ပရဟိတလုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာ ဝေဟင်အာင်က “အမှန်တကယ်ဆိုရင် ပြန်လွှတ်ပေးသင့်တာကြာနေပြီ။ အခုရခိုင်ပြည်အတိုင်းအတာအရ တည်ငြိမ်အေးချမ်းနေတယ်။ AA ကိုလည်း မေလကနေ အကြမ်းဖက်အဖွဲ့ကရုပ်သိမ်းပေးထားတယ်။ ဒီလူ(အကြမ်းဖက်နဲ့တရားစွဲခံထားရသူတွေ)ဟာ ထောင်ထဲမှာလည်း အချိန်အတိုင်းတာတစ်ခုထိ ကြာနေကြပြီဖြစ်တဲ့အတွက် လူမှုဒုက္ခ၊ စိတ်ဒုက္ခမပေးဖို့ အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်တယ်လို့မြင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း ဖမ်းဆီးခံရသူများစာရင်းကိုကောက်ယူခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော် (ULA/AA) အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားခြင်းကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပြီးနောက်ပိုင်း ရခိုင်က အကြမ်းဖက်မှုအချို့ကို ရုပ်သိမ်းပေးမှုများရှိလာသည်။

သို့သော်တရားစွဲဆိုခံထားရသူများထဲမှ ပြန်လည်လွတ်မြောက်သူစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့အထိ ၁၀၂ ဦးရှိပြီဖြစ်ကာ မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်းက AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမ်းမြို့နယ်၊ စနဲမြို့မှဦးညီပုမှာ လက်ရှိအချိန်ထိလွတ်မြောက်လာခြင်းမရှိသေးသဖြင့် အမြန်ဆုံးလွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းသန်းနုက တောင်းဆိုသည်။

“အကြမ်းဖက်အမှုတွေကို ရုပ်သိမ်းပေးတယ်။ ဖြေလျော့ပေးတယ်။ ပြန်လွှတ်ပေးတယ်ဆိုရင် ကျမအမျိုးသားလည်း အပြစ်မရှိတဲ့အတွက် လွှတ်ပေးစေချင်တယ်။ သူကကျန်းမာရေးလည်း မကောင်းဘူးလို့သိရတယ်။ စိုးရိမ်စိတ်တွေ အများကြီးရှိတယ်။ ကိုယ့်အိမ်ကိုပြန်ရောက်ပြီး ဆေးကုသမှုခံယူစေချင်တယ်” ဟု ၎င်းကပြောသည်။

 
 

 

 

အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။
November 13, 2024
ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ...
November 13, 2024
ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများသည် အချိန်ကာလအားဖြင့်...