ကျောက်မဲရောက် စစ်ရှောင်ကိုယ်ဝန်သည် မီးဖွားရန် အခက်ခဲကြုံ

ကျောက်မဲရောက် စစ်ရှောင်ကိုယ်ဝန်သည် မီးဖွားရန် အခက်ခဲကြုံ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် စစ်ရှောင်ရောက်ရှိနေသည့် ကိုယ်ဝန်သည်များ မီးဖွားရန် အခက်ခဲကြုံနေရသည့်အပြင် စောင်နှင့် အနွေးထည်များပါ လိုနေတာဖြစ်ကြောင်း သိရသည်။

ကျောက်မဲ မိုင်းတင်းကျေးရွာအုပ်စုထဲရှိ မိုင်းတင်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်နှစ်ဦး ရှိနေပြီး မီးဖွားရန် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

“ဗြိန်းခါးက တစ်ယောက်က ကိုယ်ဝန် (၉) လရှိပြီ၊ မွေးဖို့ နီးနေပြီ၊ သူက ခွဲမွေးရမယ်ဆိုပြီး ကျန်းမာရေးပိုင်းက လာကြည့်ပေးပြီး ပြောသွားတယ်၊ စစ်ရှောင်ရောက်နေတာဆိုတော့ ခွဲမွေးတဲ့ချိန် ကုန်ကျမယ့် စရိတ် အခက်ခဲဖြစ်နေတာ၊ နောက်တစ်ယောက်ကလည်း ကိုယ်ဝန် (၇) လကျော်ရှိပြီ” ဟု စစ်ရှောင်ကူညီပေးနေသူ ဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗြိန်းခါးမှ ကိုယ်ဝန်သည်မီးဖွားနိုင်ရန် မြို့တွင်းရှိ ပရဟိတအသင်းမှ လားရှိုးသို့ ပို့ဆောင်ကူညီပေးမှာဖြစ်ကြောင်း၊ သို့သော် ခွဲစိတ်မွေးဖွားရန်အတွက် ငွေကြေးအခက်ခဲရှိနေတာဖြစ်ကြောင်း ၄င်းကဆိုသည်။

ထိုစစ်ရှောင်ကိုယ်ဝန်သည်များသည် ပန်စလော့နှင့် ပန်ကွမ်ကျေးရွာမှ စစ်ရှောင်ရောက်ရှိနေသူများဖြစ်ပြီး (၂) လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်လဝန်းကျင်တွင်လည်း မိုင်းတင်းစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်တစ်ဦး မီးဖွားခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရာသီဥတု ပိုမိုအေးလာပြီဖြစ်သည့်အတွက် စစ်ရှောင်များအတွက် စောင်နှင့် အနွေးထည်များ လည်း လိုအပ်နေကြောင်း သိရသည်။

“ခုက ဆောင်းဝင်တော့မှာလေ၊ အရင်ကထက် ပိုပြီးအေးလာပြီ၊ အနွေးထည်တွေ၊ စောင်တွေက မရှိဘူး၊ အလှူရှင်တစ်ချို့ လာလှူပေမယ့် စောင်က အပါးတွေဆိုတော့ ဒီလိုရာသီနဲ့ဆို အဆင်မပြေဘူး၊ ပြီးတော့ မီးဖွားမယ့် ကိုယ်ဝန်သည်လည်းရှိနေသေးတယ်” ဟု နမ့်ဆော့ စစ်ရှောင်များကိုကူညီနေသည့် အမျိုးသမီးက ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုထဲတွင် စစ်ရှောင်စခန်း (၄) နေရာရှိပြီး နမ့်ဆော့တွင် (၈၄) ဦး၊ မိုင်းတင်းတွင် (၁၁၀) ဦး၊ နားမွန်းတွင် (၃၇) ဦးနှင့် ဗြိန်းခါးတွင် (၆၈) ဦး ရှိနေကြတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန်ခါဘုန်းကြီးကျောင်းတွင်လည်း စစ်ရှောင် (၁၆၀) ကျော်၊ ကြူရှော (မြောက်ရွာ) တွင် (၁၀၀) ကျော်၊ ဟူးဆွန်ကျေးရွာအုပ်စုတွင် (၁၀၀၀) ကျော်နှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်း ရာချီ ကျန်ရှိနေသေးကြောင်း သိရသည်။

 
 

 

 

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး
November 18, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃...
November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...