သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ပြည်သူများအပေါ် အဓမ္မခိုင်းစေခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို စည်းကမ်းမဲ့ယူသုံးစွဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
သီပေါမြို့နယ် မြစ်ချောင်းဘက် အနီးတဝိုက်တွင်နေထိုင်သည့် ကျေးရွာများတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့က ပြည်သူများကိုခိုင်းစေပြီး လုပ်အားခပြန်ပေးမှုများလည်း မရှိကြောင်း သိရသည်။
လက်ရှိကာလသည် စစ်ရေးအခြေအနနှင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားမှုကြောင့် အစစအရာရာ ခက်ခဲနေသည့်အချိန် သျှမ်းတပ် (၂) တပ်သည် ပြည်သူများ၏ လှေ၊ ဆိုင်ကယ်များကို ယူသုံးပြီး ဓာတ်ဆီခ စသည့် ကုန်ကျစရိတ်များကို လျော်ပေးခြင်းမရှိကြောင်း သိရသည်။
“(၂) တပ်လုံးက အတူတူပဲ။ သူတို့တွေက ပြည်သူတွေရဲ့ စက်လှေ၊ ဆိုင်ကယ်တွေယူသုံးတယ်။ ပြီးတော့ ဘာမှ ထောက်ပံ့ပေးတာလည်း မရှိဘူး။ ဓာတ်ဆီဆိုလည်း ပြည်သူတွေကဘဲ ပြန်ဖြည့်ပေးရတယ်။ သူတို့ လှေမောင်း အဖြစ်နဲ့လည်း ခိုင်းထားတယ်။ ပြည်သူတွေက အလကားလုပ်ပေးနေရတာ။ ဘာမှ ပြန်မရဘူး။ လုပ်အားခလည်းမရဘူး” ဟု အမည်မဖော်လိုသည့် သီပေါမြို့နယ်အတွင်း နေထိုင်သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သျှမ်းတပ် (၂) တပ်၏ ခိုင်းစေမှုခံနေရသည့် ကျေးရွာများသည် ခန့်မှန်းခြေအရ (၅) ရွာခန့်ရှိပြီး ရွာသူ/သားများ၏ လုံခြုံရေးအရ ကျေးရွာနာမည်ကို မဖော်ပြရန်အတွက် ဒေသခံများက တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံရေးရှုပ်ထွေးမှုတွေကြား မြန်မာနိုင်ငံ၏ စီးပွားရေးလည်း ကျဆင်းလာသောကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနေသည့်အချိန် သျှမ်းတပ် (၂) တပ်မှ ပြည်သူများ၏ ပစ္စည်းများကို အဓမ္မ စည်းကမ်းမဲ့ယူသုံးခြင်း၊ လုပ်အားခကို လျော်ပေးခြင်းမရှိသောကြောင့် ပြည်သူများက စားဝတ်နေရေးအတွက် ပိုပြီးခက်ခဲနေကြောင်း သိရသည်။
“သူတို့တွေက အခကြေးငွေမပေးတော့ ပြည်သူတွေကလည်း ခက်ခဲလာတယ်။ စားဖို့သောက်ဖို့တောင် မရှိကြတော့ဘူး။ သူတို့ စားဖို့သောက်ဖို့ကို သွားလှူပေးရသေးတယ်။ ဆန်၊ ဆီ၊ ဆား၊ ပိုက်ဆံနဲ့ တတ်နိုင်သလောက် သွားကူပေးသေးတယ်။ ပြည်သူတွေဘဲ အကုန်လုံး အနစ်နာခံနေရတယ်။ အခုက သိတဲ့အတိုင်း ဓာတ်ဆီဈေးတွေလည်းတက်နေတယ်” ဟု သီပေါမြို့နယ်အတွင်းနေထိုင်သည့် အသက် (၃၀) ကျော် အမျိုးသမီးတဦးက ပြောသည်။
အလားတူ လွန်ခဲ့သည့် အောက်တိုဘာ (၈) ရက်တွင်လည်း သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တာလုံကျေးရွာတွင် ပြည်သူနေအိမ် တစ်အိမ်အတွင်းရှိ ပစ္စည်းများကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုသိမ်းခံရသည့် အိမ်ပိုင်ရှင်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဆိုကာ သွားရောက်သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သီပေါမြို့နယ်က ဒေသခံတဦး ပြောပြချက်အရ သိရသည်။
“ သူတို့အိမ်ကို လာသိမ်းသွားတာက အမှန်ဟုတ်တယ်။ RCSS လူဖြစ်တယ်ဆိုပြီးတော့ လာသိမ်းသွားတာ လို့ကြားတယ်။ ကျမတို့လည်း အသေးစိတ်မသိရသေးဘူး။ အဲ့ဒီဘက်က ဖုန်းလိုင်းမကောင်းဘူးလေ။ ဆက်ရင်လည်း သိပ်မရဘူး” ဟု သီပေါမြို့နယ်မှ အမျိုးသမီးတဦးက ပြောသည်။
ဆက်လက်ပြီး တာလုံကျေးရွာခံ တဦးကလည်း “အိမ်ကလူတွေ အရင်ကလည်း ဖမ်းခံရဖူးတယ်။ သူက သတင်းပေးတာလည်း ပါမှာပေါ့။ သိမ်းသွားတဲ့ ပစ္စည်းတွေကလည်း များတယ်။ တန်ဖိုးဘယ်လောက်ရှိလည်းတော့ ကျမတို့လည်းမပြောတတ်ဘူး။ ပစ္စည်းတွေလာသိမ်းသွားတာ။ အိမ်ကိုသိမ်းတာမဟုတ်ဘူး။” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် တာလုံကျေးရွာဘက်တွင်လည်း SSPP က ပြည်သူများ၏ စက်လှေများကို သိမ်းဆည်းထားသောကြောင့် ပြည်သူများက တောင်ယာသွားရန်အတွက် အခက်ခဲများစွာရှိနေကြောင်း၊ စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာ ရှိနေကြောင်း သိရသည်။
“သူတို့တွေက တိုက်ပွဲမဖြစ်စေချင်လို့ဆိုပြီးတော့ စက်လှေတွေကို ဟိုဖက်ကမ်းကို ယူသွားလိုက်တယ်။ လှေတွေနဲ့ ခြံသွားတယ်လေ။ ဟိုဘက်ကမ်းသွားပြီးတော့ အသီးအနှံသွားခူးပြီး လာရတာ။ အခုက ကုန်းလမ်းကနေသွားရတာ လမ်းလည်းခက်တယ်။ မိုးရာသီဆိုတော့ ပိုဆိုးတယ်။ အခုက တတ်နိုင်သလောက်ဘဲသွားခူးပြီး လာရောင်းရတယ်” ဟု တာလုံကျေးရွာခံ အမည်မဖော်လိုသူတဦးက ပြောသည်။
ထိုသို့ ပြည်သူများကို ခိုင်းစားပြီး အခကြေးငွေ မပေးသောကြောင့် သက်ဆိုင်ရာ အထက်လူကြီးများက အောက်ခြေကို ကြည့်ပြီး ပြည်သူများကို ပြန်လည်ကူညီစောင့်ရှောက်ပေးစေလိုကြောင်း သီပေါမြို့နယ်တွင်း နေထိုင်သည့် ပြည်သူများက တောင်းဆိုလိုက်သည်။
“ခုချိန်က ပြည်သူတွေ အရမ်းခက်ခဲတယ်။ သူတို့တွေရဲ့ အထက်လူကြီးကလည်း ဒါတွေကိုကြည့်ပြီး ပြည်သူတွေကို လုပ်အားခတွေ ပြန်ပေးသင့်တယ်။ အောက်ခြေက လုပ်နေတာကို အထက်ကလည်း ကြည့်ပေးသင့်တယ်။ ပြည်သူတွေကို ပြန်ကူညီစေချင်တယ်” ဟု အသက် (၃၀) ကျော်အရွယ်ရှိ သီပေါမြို့ လူငယ်တစ်ဦးက ပြောသည်။
စစ်တပ်များသည် ပြည်သူအိုးအိမ်များကို စောင့်ရှောက်ရန်၊ ရန်သူများကို ကာကွယ်ရန်ဖြစ်ကြောင်း ပြည်သူများအပေါ် အနိုင်ကျင့်နေသည့် လုပ်ရက်များကို မလုပ်သင့်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထောက်ပြပြောဆိုလိုက်သည်။
“အခုလို ပြည်သူတွေကို အနိုင်ကျင့်တာက သတင်းတွေတော့ ကြားတယ်။ ဒေသခံတွေက ဖိအားတွေကြောင့်လားမသိဘူး။ ပေါ်ပေါ်ထင်ထင်ပြောနေတာတော့ မရှိဘူး။ ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ် ပြည်သူကို ကာကွယ်ပေးရမယ်လေ။ ပြည်သူကို အနိုင်ကျင့်တာတော့ မဖြစ်သင့်ဘူး။ လက်ရှိမှာ (TSU) အနေနဲ့ သတင်းအချက်အလက် စုဆောင်းရုံကလွဲပြီး ဘာမှ သိပ်ကူညီနိုင်တာ မရှိပါဘူး” ဟု သျှမ်းကျောင်းသားသမဂ္ဂ (TSU) အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အထက်ပါ ကိစ္စများနှင့်ပတ်သက်ပြီး မြေပြင်အချက်အလက် သတင်းများကို အသေးစိတ်မသိရကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျနော်တို့ အဲဘက်က သေချာမသိရပါဘူး။ အသေးစိတ် မသိရသေးဘူး။ ဒီလို အနိုင်ကျင့်တာနဲ့ပတ်သက်ပြီးတော့ အသေးစိတ် မသိရတဲ့အတွက် ဖြေပေးလို့မရဘူး” ဟု (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူကြီးစိုင်းဆုနှင့် ဗိုလ်မှူးကြီးစိုင်းဖုန်းဟန်တို့ကို သျှမ်းသံတော်ဆင့်မှ ဖုန်း (၅) ကြိမ်ခေါ်ခဲ့ပြီး ဖုန်းဝင်ခဲ့သော်လည်း လက်ခံဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။
သီပေါမြို့နယ် ကျေးရွာဘက်တွင် နေထိုင်နေသည့် ပြည်သူများက အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များကို ကြောက်နေကြရပြီး အမှန်တရားကို ပြောဆိုရန်အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေကြောင်း သိရသည်။
“ဒီဘက်နေတာလည်း သိတဲ့အတိုင်းပဲလေ။ သေရေးရှင်ရေးဖြစ်နေတာ။ ပြည်သူတွေမှာက လက်နက်မရှိဘူး။ လက်နက်ကိုင်အောက်မှာဘဲ ပြောသလို နေနေကြရတာ။ ဘာမှ ပြန်မပြောရဲဘူး။ ကြောက်ရတယ်လေ” ဟု လုံခြုံရေးအရ အမည်နှင့်နေရာကို မဖော်ပြလိုသည့်သူတဦးက ပြောသည်။