အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သည့် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက်တွင် စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်သည် ကလောမြို့ ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းကျောင်း ဧည့်ခန်းမဆောင်တွင် သင်တန်းသားများ၊ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိများ၊ ကလောနှင့်အောင်ပန်းမြို့များမှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးမှု အသီးသီး လုပ်ခဲ့ပြီး ၎င်းပြန်သွားသည့်နောက်တွင် တက္ကသိုလ်အတွင်း၌ ပိုးတွေ့လူနာများ မြင့်တက်လာကြောင်း တပ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
“မင်းအောင်လှိုင်တို့ ပြန်သွားပြီး ၄ ရက် မြောက်တဲ့ ၇ ရက်နေ့မှာ အနံ့ပျောက်တဲ့ သင်တန်းသားတွေ ရှိလာ တယ်၊ စစ်ကြည့်လိုက်တော့ အဲ့တက္ကသိုလ်မှာပဲ ၂၀ ယောက်ကျော်မှာ ပိုးတွေ့တယ်၊ အခုတော့ တက္ကသိုလ်ကို အဝင်/အထွက်ပိတ်ထားတယ်၊ Lockdown ချထားတယ်ပေါ့” ဟု ကလောမြို့မှ တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိထားသည်။
အဆိုပါ ကလောမြို့မှ စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းတစ်ခုလျှင် အရာရှိ ၂၀၀ နှင့် ၎င်းတို့၏အကူ ရဲဘော် ၆၀၀ တို့တက်ရောက်နေပြီး သင်တန်းနည်းပြအရာရှိကြီးများနှင့် စီမံ အုပ်ချုပ်ရေးဝန်ထမ်းများပါဝင်သည်။
ထို့အပြင် အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီ ဥက္ကဌ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအပါအဝင် ကလောနှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြိုဖများနှင့် လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့သည့်အတွက် ပိုးတွေ့ရှိမှုနှုန်း ပိုများပြားလာမည်ကိုလည်း စိုးရိမ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
“တက္ကသိုလ်ဝင်းထဲမှာ ၂၀ ကျော်လောက်ရှိနေတာ၊ ဒါတောင် တွေ့ဆုံပွဲကို မတက်တဲ့သူတွေကို မစစ်ဘူးကြား တယ်၊ ဘယ်လိုဖြစ် ဖြစ် သူလာလို့ လူစုလူရုံးဖြစ်ရတာ၊ အခုတောင်မြို့ထဲမှာ ဘယ်လောက်တောင်ပျံ့နေမလဲ မသိဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ ဥက္ကဌလာရောက်ခဲ့သည့် စစ်ဦးစီး တက္ကသိုလ်အတွင်း ကူးစက်မှုမြင့်နေသော် လည်း ကလောမြို့လူနေရပ်ကွက်များတွင်တော့ ကိုဗစ်–၁၉ ကူးစက်မှုနှုန်း ကျဆင်းနေကြောင်း ကလောမြို့ COVID-19 ရောဂါအရေးပေါ်ကူညီရေးအဖွဲ့က ပြောသည်။
” ကိုဗစ်ကတော့ လောလောဆယ်က လျော့တော့လျော့လာပြီ၊ ကျလာတယ်။ တစ်နေ့ကို ပျှမ်းမျှ ၄ / ၅ ယောက်လောက်ပဲတွေ့တယ်၊ ဒီပုံတိုင်း နဲ့ ဆက်လက်ထိန်းချုပ်နိုင်ရင်တော့ ရပ်ကွက်တွင်း စိုးရိမ်မှု သိပ်မရှိပါဘူး” အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီဥက္ကဌသည် ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးများကို ထိုးထားပြီဖြစ်ကြောင်းသတင်းများအပြင် ကလောနှင့်အောင်ပန်းမှ စစ်တပ်များအတွက် ကုတင် ၇၀၀ စစ်ဆေးရုံရှိပြီး ကျန်းမာရေးတပ်ဆွယ်လည်း ရှိနေသည့်အတွက် ကိုဗစ်–၁၉ ကူးစက်ခံရသည့် သင်တန်းသားများ အားမငယ်ရန် စစ်တပ်မှ အရာရှိကြီးများက အားပေးစကားပြောခဲ့ကြောင်း သိရသည်။