ရေလမ်းခရီးတစ်ခုတည်းကို အားထားနေရသည့် လေးမြို့ချောင်းဒေသခံများ ဆီစျေးတက်၍ အခက်အခဲဖြစ်

ရေလမ်းခရီးတစ်ခုတည်းကို အားထားနေရသည့် လေးမြို့ချောင်းဒေသခံများ ဆီစျေးတက်၍ အခက်အခဲဖြစ်

ရေလမ်းခရီးတစ်ခုတည်းဖြင့် သွားလာကာ လုပ်ကိုင်စားသောက်နေရသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းအထက်ပိုင်းမှ ဒေသခံများမှာ စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

လေးမြို့ချောင်းအထက်ပိုင်းရှိ ခြစ်ချောင်း၊ ကုန်းချောင်း၊ ဘုရားကြီး၊ ဆင်ကဲ စသည့်ကျေးရွာများမှဒေသခံများမှာ ယင်းသို့အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

စက်သုံးဆီတစ်ဂါလံကို ငွေကျပ် (၅၅၀၀) သာရှိခဲ့စဉ်က စက်လှေဖြင့် ဝါးခုတ်ရန်တစ်ကြိမ်သွားလျှင် ဆီ (၅) ဂါလံခန့်ကုန်ကျပြီး ဝါးများကိုရောင်း၍ရရှိလာသည့်ငွေများမှ ဆီစရိတ်ကိုနှုတ်လျှင် ငွေကျပ်ငါးသောင်းကျော်ခန့် ထွက်ရှိကြောင်း ယင်းဒေသခံများကဆိုသည်။

လက်ရှိတွင် ဆီတစ်ဂါလံကို ငွေကျပ် (၉၀၀၀) ကျော်အထိ စျေးမြင့်တက်နေသဖြင့် ဝါးတစ်ကြိမ်ခုတ်ရောင်းလျှင် ငွေနှစ်သောင်းကျော်ခန့်သာကျန်ကြောင်း စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း၌နေကာ ဝါးခုတ်ရောင်းချနေသည့် ဘုရားကြီးကျေးရွာသား ဦးလှမြင့်ကပြောသည်။

“စစ်ဘေးရှောင်စခန်းမှာက စားသောက်ရေးကျပ်တည်းတော့ အပိုဝင်ငွေလေးရအောင် စက်လှေရှိတဲ့သူတွေဆီက စက်လှေငှားပြီး ဝါးသွားခုတ်တယ်။ အရင်တုန်းကတော့ လေး/ငါးရက်တစ်ဖြတ်သွားခုတ်လို့ ရလာတဲ့ငွေရယ်၊ စစ်ဘေးရှောင်စခန်းကထောက်ပံ့တဲ့ငွေလေးနဲ့ဆိုရင် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတာပေါ့။ ဒါပေမယ့် အခုဆီစျေးတွေကအရမ်းတက်နေတော့ ဝါးခုတ်လို့ပြန်လာရင် ဆီစရိတ်အကြွေးတွေ၊ ဝါးခုတ်သွားတဲ့အခါစားသောက်ဖို့ဝယ်သွားတဲ့ ရိက္ခာအကြွေးတွေဆပ်လိုက်ရင် ဘာမှမကျန်တော့ဘူး။ ဒါတောင်စက်လှေငှားခမပေးရလို့တော်သေးတယ်” ဟု ၄င်းကဆိုသည်။

လေးမြို့ချောင်းအထက်ပိုင်း၌ ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူများမှာလည်း ဆိုင်ပစ္စည်းများကို မြောက်ဦးမြို့နှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့မှ စက်လှေများ၊ လှိုင်းဘုတ်များဖြင့်သွားဝယ်ကြရပြီး လက်ရှိတွင် ဆီစျေးနှုန်းမြင့်တက်နေသဖြင့် ပစ္စည်းသယ်ယူစရိတ်များပါစျေးတက်ကာ ရောင်းချရေးပိုင်းတွင် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ယခင်ဆီစျေးနှုန်းများမတက်မီက ကုန်းချောင်းကျေးရွာမှ ပန်းမြောင်းကျေးရွာသို့ လှိုင်းဘုတ်ဖြင့်စျေးဝယ်ရန်သွားလျှင် လူတစ်ဦးကို စက်လှေခ ၂၀၀၀ ကျပ်၊ ပစ္စည်းအထုတ်ကြီးတစ်ထုတ်လျှင် ၁၀၀၀ ကျပ်၊ အထုတ်ငယ်တစ်ထုတ်လျှင် (၅၀၀) ကျပ်ခန့်လောက်သာ ပေးရသည်။

လက်ရှိတွင် ဆီစျေးနှုန်းမြင့်တက်သွားသဖြင့် လူတစ်ဦးကို (၃၀၀၀) ကျပ်နှင့် ပစ္စည်းတစ်ထုတ်လျှင် (၂၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ စျေးတက်သွားသည်ဟု မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ ကုန်းချောင်းကျေးရွာ၌ ကုန်စုံဆိုင်လာရောက်ရောင်းချနေသူ ကိုခိုင်ဇော်ဦးကပြောသည်။

“ဆီစျေးတက်ရင် စက်လှေခရော၊ ဘုတ်ခရော အကုန်တက်သွားတာပေါ့။ ကျနော်တို့ကတော့ ကိုယ့်စက်လှေနဲ့သွားဖြစ်တာများတယ်။ ပန်းမြောင်းကို စျေးတစ်ခါသွားဝယ်ရင် အသွားအပြန်ဆီ ၂ ဂါလံလောက်ကုန်တယ်။ ဆိုင်ဝန်ပစ္စည်းတစ်ဖြတ်ကိုရောင်းရင် အမြတ်က အများထွက်တာလည်းမဟုတ်ဘူး။ ဆီစျေးတက်လို့ ခရီးစရိတ်ပိုကုန်တယ်ဆိုပြီး ပစ္စည်းတိုင်းကိုစျေးတင်ရောင်းလို့ကလည်းအဆင်မပြေဘူး။ တစ်ချို့ပစ္စည်းလောက်ကိုပဲ တင်ရောင်းလို့ရတာ။ ဒီကြားထဲ ဝါးခုတ်သမားတွေလည်းသိပ်မရောက်တော့ ဆိုင်ကအရင်လိုရောင်းမကောင်းတော့ဘူး” ဟု ၄င်းကပြောသည်။

ပြီးခဲ့သည့်နှစ်များက လေးမြို့ချောင်းအထက်ပိုင်းသို့ မြို့နယ်အသီးသီးမှဒေသခံများ ဝါးခုတ်ရန်လာရောက်ကြသော်လည်း ယခုနှစ်တွင် ဝါးစျေးမကောင်းသည့်အပြင် ဆီစျေးကပါ အဆမတန် မြင့်တက်နေသည့်အတွက် ဝါးလာခုတ်သူနည်းသွားခြင်းဖြစ်သည်ဟု ကိုခိုင်ဇော်ဦးကဆက်ပြောသည်။

ယခင်က ဆီတစ်လီတာကို (၁၀၀၀) ကျပ်၊ တစ်ဂါလံကို (၅၅၀၀) ကျပ်သာရှိသော်လည်း လက်ရှိတွင် ဒေါ်လာစျေးမငြိမ်သက်မှုများကြောင့် ဆီစျေးများတက်ကာ ကျေးလက်ဒေသများတွင် ဆီတစ်လီတာကို (၂၅၀၀) ကျပ်၊ တစ်ဂါလံကို (၉၀၀၀) ကျပ်မှ အများဆုံး (၁) သောင်းကျပ်အထိ စျေးမြင့်တက်လျှက်ရှိသည်။

Most read this week

November 19, 2024
ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ခံထားရမှုကြောင့်...
၂၀၂၂ ခုနှစ်က ဂွမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ
November 19, 2024
ဒေသတွင်းတိုက်ပွဲများကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ပြည်...
November 19, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ...
လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့
November 18, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့်ပတ်သက်...