တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မိုးရွှေကူကျေးရွာရှိ NLD ပါတီဝင်တစ်ဦး၏နေအိမ်ကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ညနေ ၃ နာရီခန့်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိနဦးဆောင်အဖွဲ့မှ NLD ပါတီဝင် ဒေါ်သန်းချို နေအိမ်ကို ရောက်ရှိလာပြီး ဒေါ်သန်းချိုကို လာရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
ဒေါ်သန်းချိုကို နေအိမ်မှာ ရှာဖွေမတွေ့တာကြောင့် အိမ်ထဲရှိပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
"ဒီရက်ပိုင်း ပျူစောထီးတွေ တော်တော်သောင်းကျန်းနေတယ်။ ဒီညနေလည်း NLD ပါတီဝင် ဒေါ်သန်းချိုနေအိမ်မှာ ဒေါ်သန်းချိုကို ရှာတာမတွေ့လို့ အိမ်ကို ဖျက်ဆီးသွားသေးတယ်။ ဒေါ်သန်းချိုတို့က အိမ်မှာ ဘယ်သူမှမရှိဘူး" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ယနေ့ နေ့လည်ပိုင်းမှာလည်း ပျူစောထီး ဦးအောင်စိန်နှင့်အဖွဲ့က စော်ဖျားကျေးရွာရှိ သံဃာ ၂ ပါးနှင့် ဒေသခံများဖြစ်တဲ့ မအေးမာနှင့်မနီ ဆိုသူ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးသွားခဲ့ပြီး ညနေပိုင်းမှာ သံဃာ ၂ ပါးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းကလည်း စော်ဖျားကျေးရွာမှ နေအိမ် ၃ လုံးကို ပျူစောထီးအဖွဲ့တွေက အကြောင်းမဲ့ ဖျက်ဆီးသွားခဲသေးတယ်လို့ သိရပါတယ်။
စော်ဖျားကျေးရွာနေ ဒလန်ဦးမောင်ရီနေအိမ်ကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ပျူစောထီးအဖွဲ့တွေဟာ စော်ဖျားကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှာ သေနတ်ပစ်ခတ်သွားသူတွေကို လိုက်လံရှာဖွေရင်း ဒေသခံတွေအပေါ် ထင်တိုင်းကြဲနေတာဖြစ်ပါတယ်။