စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် လောင်စာဆီဈေး တစ်ဟုန်ထိုးမြင့်တက်လာမှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နယ်အတွင်း ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်နေကြောင်း သတင်းရရှိသည်။
ယခင်က တစ်လလျှင် (၁၀) ရက်ထက်မနည်း ထွန်စက်အငှားလိုက်ပြီး အလုပ်ဖြစ်ခဲ့သော်လည်း ယခုတွင် (၂) လအတွင်း တစ်ကြိမ်သာ အငှားလိုက်ရသေးတာဖြစ်တဲ့အတွက် ဝင်ငွေမရှိပဲ အခက်ခဲကြုံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အရင်နှစ် ဒီအချိန်ဆိုရင် ပုံမှန်အလုပ်ရှိတယ်၊ တစ်လကို အနည်းဆုံး (၁၀) ရက်မလျော့ဘူး၊ လိုက်ပြီး ထွန်ယက်ပေးရတယ်၊ ခုက (၂) လအတွင်းကို တစ်ရက်ပဲ အငှားလိုက်ရတာ၊ ဝင်ငွေလည်း မရှိတော့ဘူး” ဟု ဆီဆိုင်ဒေသခံဖြစ်သူ စိုင်းဝဏ္ဏက ပြောသည်။
တောင်ယာစိုက်ပျိုးရန်အတွက် အငှားလိုက်ပြီး ထွန်ယက်ပေးရာတွင် ယခင်က တစ်နာရီလျှင် (၁၈၀၀၀) ကျပ်ခန့်ရှိပေမယ့် လောင်စာဆီဈေးနှုန်းမြင့်တက်လာသည့်နောက်ပိုင်း တစ်နာရီလျှင် (၂၅၀၀၀) ကျပ်အထိ တိုးမြင့်ယူခဲ့ရတာဖြစ်ကြောင်း သိရသည်။
ထို့သို့ လုပ်အားခ တိုးမြင့်ယူရသည့်အတွက် အငှားခေါ်သည့် ခြံရှင်များပင် မရှိတော့ကာ အလုပ်ရပ်နားထားရတာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ခုက ဈေးပိုယူတော့ ခြံရှင်တွေအတွက် မကိုက်ဘူး၊ ပုံမှန်ဈေးယူတော့လည်း ကျနော်တို့အတွက်က မကိုက်ဘူး၊ လာငှားတဲ့သူလည်း မရှိတော့ စက်တွေကိုလည်း ဒီတိုင်းပဲ နားထားရတယ်” ဟု အဆိုပါဒေသခံက ဆိုသည်။
ယခင်နှစ်များတွင် လောင်စာဆီ တစ်ပေပါလျင် တစ်သိန်းကျော် နှစ်သိန်းဝန်းကျင်ထိသာရှိခဲ့ပြီး စက်တင်ဘာလအတွင်း လောင်စာဆီဈေး ထိုးတက်လာမှုကြောင့် နှစ်ဆခန့်အထိ ဈေးမြင့်တက်လာခဲ့သည့်အတွက် ပိုမိုခက်ခဲနေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်ခြင်းသည် ဒေသအတွင်း စိုက်ပျိုးရေးလုပ်ကိုင်သူများကိုပါ ထိခိုက်နစ်နာစေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ထွန်စက်နဲ့ထွန်တော့ အချိန်တိုအတွင်းပြီးတယ်၊ ခုက သူတို့လည်း စက်ကြီးနဲ့ မထွန်နိုင်တော့ တစ်ရက်နဲ့ပြီးမယ့်နေရာက (၄) ရက်လောက်ထိ အချိန်ယူလိုက်ရတယ်၊ အချိန်မှန်စိုက်ပျိုးရတဲ့ သီးနှံလည်း မမှန်တော့ဘူး” ဟု အဆိုပါဒေသခံက ဆိုသည်။
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အပြင် စက်အပိုပစ္စည်းဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများပါ မြင့်တက်လာသည့်အတွက် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲမှုဖြစ်လာကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ပြောင်းဖူး၊ နှမ်း၊ ပဲစင်းငုံ၊ နာနတ်သီးနှင့် အခြားရာသီသီးနှံများကို အဓိကစိုက်ပျိုးသည့် ဒေသဖြစ်ကြောင်း သိရှိရသည်။