လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားအတွက် အထိမ်းအမှတ် အမှတ်အသား Logo ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ထံမှ သိရသည်။
စိန်ရတု အခမ်းအနားဖြစ်သည်နှင့်အညီ အလေးအမြတ်ထားလျက် ကော်မတီအနေဖြင့် ယခုလို ခြောက်လအလိုကတည်းက ဆွေးနွေးတိုင်ပင်ခြင်းများ အစည်းအဝေးများကို Online ကတဆင့် Zoom Application အသုံးပြုကာ ပြုလုပ်နေကြကြောင်း ယင်းကော်မတီထံမှ ထပ်လောင်းသိရသည်။
"သြဂုတ် ၂၉ ရက်ကတော့ ကော်မတီရဲ့ သုံးကြိမ်မြောက် အစည်းအဝေးပေါ့လေ၊ ကိုယ်စားလှယ်တွေက ၁၀ မြို့နယ် တက်ရောက်ပါတယ်။ နောက် သံဃာတော်က ငါးပါးပါ။ ပထမ ကျွန်တော်တို့ ဆုံးဖြတ်ချက်က ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့နဲ့ပတ်သက်ပြီးတော့ Logo ပြိုင်ပွဲ တစ်ခု လုပ်ပါမယ်။ အဲဒီပြိုင်ပွဲမှာ ၇၅ ဆိုတဲ့ စကားလုံး ပါရမယ်၊ နောက် ဟင်္သာပုံပါရမယ်။ ပြိုင်ပွဲတက်လာတဲ့ Logo တွေထဲကမှ တစ်ခုကို အကောင်းဆုံး ရွေးပြီးတော့ စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားမှာ ဆုငွေ ကျပ် တစ်သိန်းခွဲ ချီးမြှင့်သွားမှာပါ" ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်မွန်ရာဇာက ပြောကြားသည်။
အထိမ်းအမှတ် အမှတ်အသား Logo ပြိုင်ပွဲဝင်ရန် ပေးပို့ရမည့် နည်းလမ်းနှင့် နောက်ဆုံး ပေးပို့ရမည့် ရက်စွဲကို မကြာမီ အသိပေးကြေညာမည်ဟု ကော်မတီက ဆိုသည်။ မကြာတော့မီ စက်တင်ဘာ ဒုတိယပတ်တွင် ပြုလုပ်မည့် ကော်မတီ လေးကြိမ်မြောက် အစည်းအဝေးတွင် ယင်းကိစ္စ အတည်ပြုနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မတီ၊ စာရင်းစစ်အဖွဲ့၊ ပြန်ကြားရေးကော်မတီ၊ စာပေပြိုင်ပွဲ ဆပ်ကော်မတီ၊ ဖြေဖျော်ရေးဆပ်ကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း ကော်မတီက ပြောကြားသည်။ ယင်းအပြင် မွန်အမျိုးသားနေ့ ကျင်းပရေး လုပ်ငန်း စီမံချက်ကို ယခု တစ်ပတ်အတွင်း ချမှတ်ကာ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်ရန် ရှိကြောင်း၊ ကော်မတီ ဥက္ကဌအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့အနေဖြင့် ပြည်နယ်အစိုးရနှင့် တွေ့ဆုံကာ အခမ်းအနား ကျင်းပရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန် ရှိနေကြောင်းလည်း ထပ်လောင်း သိရသည်။
မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့်၊ ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း ကျင်းပလေ့ရှိကြသည်။
သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ကြရာ ယခု လာမည့်အကြိမ်မှာ ၇၅ ကြိမ်မြောက် စိန်ရတုအခမ်းအနား ဖြစ်သည်။