စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ယခုဩဂုတ် လဝက်အတွင်း ကူးစက်မှု (၅၄၈) ဦးထိရှိပြီး (၂၃) ဦး သေဆုံးထားကြောင်း မြို့နယ် ကိုဗစ်ကော်မတီကထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ယနေ့ ဩဂုတ်လ (၁၈) ရက်နေ့တွင်လည်း Covid-19 စစ်ဆေးသူ (၂၂) ဦးတွင် (၁၁) ဦးထိ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့ည ထုတ်ပြန်သည့် စာရင်းများအရ ဟုမ္မလင်းမြို့နယ်တွင် ကူးစက်သူစုစုပေါင်း (၁၅၈၀) ဦးထိရှိနေပြီး သေဆုံးသူ (၇၂) ဦးထိရှိကြောင်း သိရသည်။
ကူးစက်မှုမြင့်တက်လာခြင်းသည် ကိုဗစ်ရောဂါပိုး၏ မျိုးရိုးဗီဇများနှင့် သက်ဆိုင်မှုများရှိသကဲ့သို့ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေမှော်ဒေသများတွင် ကူးသန်းသွားလာမှု များပြားခြင်းကြောင့်လည်း ထိန်းချုပ်ရန် ခက်ခဲခြင်းဖြစ်သည်ဟု ပရိဟိတလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
Covid-19 ရောဂါပိုး စစ်ဆေးမှုများကို ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်တို့မှ ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီက Covid-19 ရောဂါပိုးအတည်ပြုလူနာ (၂၆၅) ဦးထိရှိလာခဲ့ပြီးနောက် Stay at Home မြို့နယ်အဖြစ် ဇူလိုင်လ (၂) ရက်နေ့ညတွင် ကြေညာခဲ့သည်။