မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသဖြင့် တကြော့ပြန် ကိုဗစ်တတိယလှိုင်းအစ၌ လူနာစုစုပေါင်း ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁ ရက်အထိ မော်လမြိုင် Isolation ward 1 တွင် Positive လူနာ ၈၄ ဦး၊ Isolation ward 3 တွင် ၁၃၅ ဦးနှင့် ထားဝယ်ဆောင်တွင် ၁၃၆ ဦး စုစုပေါင်းလူနာ ၃၃၅ ဦးကို ဆေးကုသမှုပေးနေကြောင်း သိရသည်။
မော်လမြိုင် Rescue အဖွဲ့မှ ကိုဇင်မိုးက "ကိုဗစ်က ကိုယ်ခံအားကောင်းတဲ့ လူငယ်လူရွယ်တွေဆီမှာဆို အချိန်တန်ရင် ပြန်ကောင်းသွားပေမယ့် ရောဂါအခံရှိတဲ့သူတွေ သက်ကြီးရွယ်အိုတွေဆီကို ကိုဗစ်ထပ်ဝင်သွားရင်တော့ ကိုယ်ခံအားနည်းတဲ့အတွက် အသက်သေဆုံးတဲ့အထိ ဖြစ်တာပေါ့နော်" ဟု ပြောသည်။
အဆိုပါအမျိုးသမီးသည် ဇူလိုင် ၁ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မော်လမြိုင် ကျွဲခြံကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့် ကိုဗစ်စည်းကမ်းနှင့်အညီ အစ္စလာမ်ဘာသာရေးအယူအတိုင်း သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ဆေးရုံကြီး Isolation ward 1 နှင့် Isolation ward 3 အပြင် မော်လမြိုင်တက္ကသိုလ်အတွင်းရှိ ထားဝယ်ဆောင်တို့တွင် ဆေးကုသမှုပေးလျက်ရှိသည်။
Covid-19 ဓာတ်ခွဲအတည်ပြုလူနာ များလာသည့်အတွက် ပဲခူးတိုင်း သာယာဝတီ၊ မင်းလှနှင့် မန္တလေးတိုင်း ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့်မြို့နယ်များအား ဇူလိုင်လ ၂ ရက် နံနက် ၄ နာရီကစပြီး (Stay at Home) အမိန့် ကြေညာလိုက်သဖြင့် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၀ အထိ (Stay at Home) ရှိလာသည်။
ယမန်နေ့က ဓာတ်ခွဲနမူနာပေါင်း ၉၄၅၇ ခုကိုစစ်ဆေးရာ အတည်ပြုလူနာ ၂၀၇၀ ဦး ထပ်မံတွေ့ရှိသဖြင့် တစ်နိုင်ငံလုံးတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း ၁၅၉၃၄၇ ရှိလာပြီး ဇွန် ၁ ရက်က သေဆုံးသူ ၁၃ ဦးရှိသည့်အတွက် သေဆုံးသူပေါင်း ၃၃၄၇ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။