မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းမလိုက်နာသူများကို တင်းကြပ်စွာကိုင်တွယ်ရန် မြို့နယ်လူထုလိုလား

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းမလိုက်နာသူများကို တင်းကြပ်စွာကိုင်တွယ်ရန် မြို့နယ်လူထုလိုလား
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းမလိုက်နာသူများကို တင်းကြပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြို့နယ်လူထုက လိုလားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ဇွန် ၂၉ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၆၅ ဦးထိ တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သဖြင့် မြိုနယ်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ ဘီယာ၊ အရက်ဆိုင်အပါအဝင် ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ရောင်းချမှု မပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် မြို့နယ်စည်ပင်သာယာရေးက ဇွန် ၂၉ ရက်က စာထုတ်ခဲ့ရသည်။

သံဖြူဇရပ်မြို့ခံ ကိုဗိုလ်ဆန်းက “ကျွန်တော်တို့ သံဖြူဇရပ်ကတော့ အခြေအနေဆိုးလာတယ်။ တစ်ယောက်တွေ့လို့ မိသားစုကိုစစ်ရင် တစ်အိမ်လုံးကူးနေတာမျိုး ဖြစ်နေတယ်။ စာထုတ်တာအပြင် တင်းကြပ်တဲ့ အရေးယူမှုတွေပါ ဆက်လက်ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

သို့ရာတွင် ကူးစက်မှုမြင့်တက်လာသော်လည်း လူအများ အပြင်ထွက်သွားလာမှုမပြတ်ဘဲ တစ်ချို့ဆို Mask တပ်ဆင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

သံဖြူဇရပ်မြို့ခံ မနွေးနွေးထက်က “အရင်တုန်းကလို Mask မတပ်ရင် ဒဏ်ငွေရိုက်တာ၊ လမ်းတွေထဲမှာ စစ်ဆေးတာတွေ ပြန်လုပ်စေချင်တယ်။ စာထုတ်ပြီးပြီဆိုတော့ ဆိုင်ထိုင်ခွင့်ပေးရင် အရေးယူတာတွေကိုပါ ထိထိရောက်ရောက် ဆက်လုပ်စေချင်တယ်။ ဥပဒေနဲ့ပါလုပ်မှ လိုက်နာကြမယ် ထင်တယ်။ မဟုတ်ရင် အလေးမထားတာနဲ့ တစ်မြို့လုံး ကိုဗစ်ကူးကုန်မှာပဲ” ဟု ဆိုသည်။

ထို့အတူ လူစုလူဝေးမလုပ်ရန်၊ မဖြစ်မနေ Mask တပ်ဆင်ရန် ပိုမိုကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူတွေအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဖို့လိုအပ်ပြီး ကိုယ့်မိသားစုကို မကူးစက်စေဖို့ ကိုယ်တိုင် ကာကွယ်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း သံဖြူဇရပ်မြိုနယ်အတွင်းရှိ အောင်မင်္ဂလာ (၃) ရပ်ကွက်၊ အလယ်ဘလောက် (အိမ်အမှတ် မ-၁၉ မှ မ-၅၀) အကြားကို အဝင်/အထွက် ကန့်သတ်သည့်နေရာ (Lock down) အဖြစ် ဇွန်လ ၂၄ ရက်က သတ်မှတ်ခဲ့သည်။

စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇွန် ၂၈ ရက် တစ်ရက်တည်းတွင် ကိုဗစ်ပိုးတွေ့ရှိသူအရေအတွက် သံဖြူဇရပ် ၂၀ ဦး၊ မော်လမြိုင် ၁၅ ဦး၊ ဘီးလင်း ရှစ်ဦး၊ ပေါင် လေးဦး၊ သထုံ နှစ်ဦး၊ ကျိုက်ထိုတွင် နှစ်ဦး၊ ရေးတွင် နှစ်ဦးနှင့် ကျိုက်မရောတွင်နှစ်ဦး စုစုပေါင်း မွန်ပြည်နယ်အတွင်း ၅၅ ဦး ရှိခဲ့သည်။

ထို့အတူ နိုင်ငံတဝန်း ၂၄ နာရီအတွင်း စစ်ဆေးမှုတွေအရ ကိုဗစ်တတိယလှိုင်းကာလအတွင်း စံချိန်တင်ရလောက်အောင် အတည်ပြုလူနာ ၁၃၁၂ ယောက် ထပ်တွေ့ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၂၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...