မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုမြင့်မားနေပြီး တရုတ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသဖြင့် မြန်မာနိုင်ငံမှတင်ပို့ထားသော နှမ်းများ ယခုထိ ကုန်မချနိုင်သေးဘဲ နှမ်းစျေးနှုန်း ကျဆင်းလျက်ရှိကြောင်း နှမ်းလုပ်ငန်းရှင် ဦးကျော်ခိုင်မြင့်က ပြောသည်။
တရုတ်နိုင်ငံဘက်မှ နယ်စပ်ပို့ဆောင်ရေးဂိတ်ကို ပိတ်ထားသောကြောင့် မေ ၂၀ ရက်ထဲက ယခုအချိန်ထိ ကုန်မချနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“နယ်စပ်ဘက်မှာ တိုးနေတယ်။ ကျွန်တော်တို့ ဒီဘက်က မူဆယ်နဲ့ ချင်းရွှေဟုန်ကဖွင့်မှ သီးနှံတွေ ဈေးကောင်းမယ်။ နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်မှ အဲဒါကြောင့်ပေါ့။ အဓိက, က မြန်မာဘက်ခြမ်းက ပိတ်တာမဟုတ်ဘူး။ တရုတ်ဘက်က ပိတ်တာ” ဟု ဦးကျော်ခိုင်မြင့်က ပြောသည်။
မြန်မာနိုင်ငံမှထွက်ရှိတဲ့ နှမ်းကို တရုတ်နိုင်ငံသို့ ချင်းရွှေဟုန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ချင်းရွှေဟုန် နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်မည်ဆိုပါက နှမ်းဈေး ပြန်တက်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်၊
လက်ရှိ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းအဟောင်း တစ်အိတ် (၄၅ ပိဿာ) လျှင် ၁၀၅,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်းနှင့် နှမ်းအသစ်ဈေးနှုန်းသည် တစ်အိတ် (၄၅ ပိဿာ) ၁၅၀,၀၀၀ ကျပ်မှ ၁၆၀,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။