ရန်ကုန်က ဆယ်ကျော်သက်လေးတွေကို အင်တာနက်ကတဆင့် အင်္ဂလိပ်စာနဲ့ သမိုင်းသင်နေရင်းနဲ့ ကလေးတယောက်က သင်နေတာနဲ့ ဘာမဆိုင်ညာမဆိုင် သူသိချင်တာတခု ကောက်မေးတယ်။ ကလေးတွေကို ကြိုက်တာမေး၊ ကြိုက်တာပြောလို့ရတယ်။ ပြန်ပြောတယ်၊ ခံပြောတယ်ဆိုတာမျိုး မရှိဘူးလို့ မှာထားတော့ ကလေးတွေကလဲ အတော်ရဲရဲပဲ သိချင်တာတွေကို မေးတတ်ကြတယ်။ မေးလိုက်တဲ့မေးခွန်းကတော့ 'ဆရာတို့ အမေရိကားမှာ ကန်စွန်းရွက်တောင် ဈေးကြီးတယ်ဆိုတာ ဟုတ်သလားတဲ့။ စားစရာသောက်စရာတွေကလဲ ဈေးကြီးတယ်လို့ သူကြားဖူးတယ်တဲ့။'
ဒီမှာ ကုန်ကျတဲ့ပိုက်ဆံကို မြန်မာငွေနဲ့မြှောက်ကြည့်ရင် နည်းနည်းနောနောလား။ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ နဲ့ မြှောက်ကြည့်လိုက်တော့ အကုန်ဈေးကြီးနေတာပေါ့။ ကိုယ်ကိုယ်တိုင်လဲ ဒီရောက်ခါစက မသိစိတ်ကနေ ငွေလွှဲနှုန်းနဲ့ သွားသွားမြှောက်ကြည့်မိခဲ့ဖူးတယ်။ ဈေးကြီးတယ်၊ ဈေးပေါတယ်ဆိုတာ ဘာလဲဆိုတာ ကလေးတွေကိုရှင်းပြတော့ absolute ဆိုတဲ့ တခုထဲကို ဒဲ့ကြည့်တာနဲ့ relative နှိုင်းယှဉ်ကြည့်တာနဲ့ကို စပြောဖြစ်တယ်။
အခုကိုဗစ်ဖြစ်နေချိန်မှာ ဟိုနိုင်ငံက ပိုဖြစ်တယ်၊ ဒီနိုင်ငံက အဲလောက်မဖြစ်ဘူးဆိုပြီး ပြောကြတာ ကြားရဖတ်ရတယ်။ တကယ်တော့ ဖြစ်နှုန်းသက်သက်ကိုချည်းပဲ တိုင်းလို့မရဘူး။ လူဦးရေအချိုးအစားရဲ့ ဘယ်နှစ်ရာနှုန်းကိုစစ်ပြီး ဘယ်လောက်တွေ့တယ်ဆိုတာကို တိုင်းတာနှိုင်းယှဉ်မှ ပိုမှန်မယ်။ ဥပမာအားဖြင့်ဆိုရင် မလေးရှားမှာ လူဆယ်သိန်းဆို လေးသိန်းကျော်စစ်တယ်။ မြန်မာပြည်မှာကျတော့ လူဆယ်သိန်းကို ၅ သောင်းနီးပါးပဲစစ်တယ်။ ဒီအတိုင်းကြည့်ပြီး မလေးရှားက မြန်မာထက် ကိုဗစ်ပိုဖြစ်နေတယ်လို့ ပြောလို့မရဘူး။ မြန်မာက မလေးရှားထက် စစ်တာ ရှစ်ဆလောက် ပိုနည်းနေတယ်။
အဲသည့်ကနေ အစချည်လိုက်ရင်းနဲ့ မေးခွန်းမေးတဲ့ကလေးကို ပြန်မေးမိတယ်။ ရန်ကုန်ကုန်ဈေးနှုန်းထဲက မင်းသိတဲ့ ဈေးနှုန်းတခုကို ဥပမာကြည့်ရအောင်ဆိုတော့ သူက ဟုတ်ပြီ၊ ဆရာ။ ကြက်ဥတလုံးကို ၁၄၅ ကျပ်တဲ့။ အဲလိုဆိုတော့ သူ့ကိုနားလည်အောင် အာဏာအသိမ်းခံလိုက်ရတဲ့ အရပ်သားအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးရဲ့ အစိုးရသတ်မှတ်ထားတဲ့ တနေ့လုပ်ရင် အနည်းဆုံး ကျပ် ၅ ထောင်ရရမယ်ဆိုတာနဲ့ ရှင်းပြကြည့်တယ်။ တရက်ကို ၈ နာရီလုပ်တယ်ဆိုရင် တနာရီကို ၆၂၅ ကျပ်ရမယ်။ တနာရီလုပ်ရင် သူ့အနေနဲ့ ကြက်ဥ ၄ လုံးလောက်ဝယ်နိုင်တယ်။ အဲဒါကို စိတ်ထဲမှာ စမှတ်ထားလို့ မှာလိုက်တယ်။
အမေရိကန်ပြည်ထောင်စုက သိပ်ကြီးလွန်းတယ်။ တနေရာနဲ့တနေရာက လုပ်ခ၊ လစာတွေက အတော်ကိုကွာတယ်ဆိုတော့ ကိုယ်နေနေတဲ့ ဆန်ဖရန်စစ္စကိုနဲ့ ဥပမာပေးကြည့်တယ်။ ဒီမှာ တနာရီ အနိမ့်ဆုံးလုပ်ခက အခွန်နှုတ်၊ ဟိုနှုတ်၊ ဒီနှုတ်နဲ့ဆို ကျပ် ၂ သောင်းလောက်ရှိတယ်။ ဒီမှာ ကြက်ဥတလုံးကို ပျမ်းမျှ ကျပ်ငွေ ၄၀၀ လောက်ပေးရတယ်။ တနာရီအလုပ်လုပ်လိုက်ရင် အောက်ခြေဝန်ထမ်းတယောက်က ကြက်ဥအလုံးပေါင်း ၅၀ ဝယ်နိုင်တယ်။ ရန်ကုန်က အောက်ခြေဝန်ထမ်းက တနာရီလုပ်ရင် ကြက်ဥ ၄ လုံးဝယ်နိုင်ချိန်မှာ ဆန်ဖရန်စစ္စကိုက အလားတူဝန်ထမ်းတယောက်က တနာရီလုပ်ရင် ကြက်ဥအလုံး ၅၀ ဝယ်နိုင်တယ်ဆိုတာကို နှိုင်းယှဉ်ရှင်းပြလိုက်တယ်။
ကြက်ဥတလုံးကို ၁ ကျပ်ပဲ ပေးရတာသက်သက်ကိုကြည့်ပြီး ဈေးကြီးတယ်၊ ဈေးပေါတယ်လို့ ပြောလို့မရဘူး။ ကြက်ဥတလုံး ၁ ကျပ်ပဲ ပေးရတယ်ဆိုပေမယ့် တနေ့လုံးလုပ်မှ ၁၀ ကျပ်ရရင် အဲ ၁ ကျပ်ဆိုတာ အတော်ဈေးကြီးတယ်လို့ ပြောလို့ရတယ်။ ကြက်ဥတလုံးကို ၁၀၀ ပေးရတယ်ဆိုဦးတော့။ တနေ့လုပ်လို့ ၁ သောင်းရရင် တလုံး ၁၀၀ ဆိုတာက relative တန်ဖိုးအရ တလုံး ၁ ကျပ်ထက် ပိုသက်သာနေတယ်လို့ ပြောပြလိုက်တော့ ကလေးတွေ သဘောပေါက်သွားကြတယ်။
ထပ်ပြီး ဥပမာပြကြည့်တယ်။ ထမင်းတနပ်ကို ရန်ကုန်မှာ ခပ်၀၀စားမယ်ဆိုရင် ဈေးအသက်သာဆုံး ကျပ် ၁ ထောင်ကျော်ကျမယ်။ တနေ့ ၅ ထောင်ဝင်တဲ့လူအတွက်က ထမင်းတနပ်စားလိုက်ရင် ၅ ပုံ ၁ ပုံ ကုန်သွားပြီ။ ရာနှုန်းနဲ့ဆို ၂၀% ပေါ့။ ဆန်ဖရန်စစ္စကိုမှာ တနာရီအလုပ်လုပ်ရင် အမြီးနှုတ်၊ ခေါင်းနှုတ်နဲ့ (အခွန်နဲ့အခြား) ဆိုရင် မြန်မာငွေ ၂ သောင်းဆိုတော့ တနေ့ကို ၈ နာရီလုပ်တယ်ဆိုရင် တနေ့ကို မြန်မာငွေ ၁ သိန်း ၆ သောင်းပေါ့။ အလားတူထမင်းဆိုင်မျိုးမှာ စားမယ်ဆိုရင် တနပ်ကို မြန်မာငွေ ကျပ် ၉ ထောင်လောက်ကျသင့်တယ်။ ထမင်းတနပ်က အခြေခံအလုပ်သမားတယောက် တနေ့ဝင်ငွေရဲ့ ၅ % ဝန်းကျင်ပဲရှိတယ်။ ရန်ကုန်က ကျပ် ၁ ထောင်တန် ထမင်းတနပ်က တနေ့ဝင်ငွေရဲ့ ၂၀% ကျသင့်ချိန်မှာ ဒီက ကျပ် ၉ ထောင်ပေးရတဲ့ ထမင်းတနပ်က တနေ့ဝင်ငွေရဲ့ ၅% ပဲပေးရတယ်။
ဒီက အလားတူဆိုင်မျိုးကပေးတဲ့ ဟင်းပမာဏက ရန်ကုန်က အတော်အသင့်နာမည်ရှိတဲ့ မြန်မာစားသောက်ဆိုင်၊ ချစ်တီးစားသောက်ဆိုင်တို့က ပေးတဲ့ ဟင်းပမာဏလောက်နဲ့ တူရင်တူ မတူရင် ပိုများနေသေးတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ World Economic Forum မှာတင်ထားတဲ့ ၂၀၁၅ တုန်းက အချက်အလက်တွေကို သွားတွေ့မိတယ်။ ၂၀၁၅ ဆိုတာ နည်းနည်းဟောင်းနေပေမယ့် နှိုင်းယှဉ်ကြည့်ဖို့တော့ အခြေခံကျတဲ့ အချက်အလက်တွေ ရလိုက်တယ်။ ရှာတဲ့ဝင်ငွေနဲ့ ကုန်တဲ့ဈေးနှုန်းကို နှိုင်းယှဉ်လေ့လာထားတာ။ သူတို့ရဲ့ သုတေသနပြုလေ့လာချက်အရဆိုရင် အစားအသောက်ဈေးကြီးပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေရဲ့ ၆.၄ % ကိုသုံးရင် အိမ်မှာ စားလို့၀ပြီဆိုတဲ့အချိန်မှာ အစားအသောက်ဈေးပေါလှပါတယ်ဆိုတဲ့ အာဖရိကတိုက်က နိုင်ဂျီးရီးယားနိုင်ငံမှာကျတော့ ဝင်ငွေရဲ့ ၅၆.၄% ကို အစားအသောက်အတွက် သုံးရတယ်။ အမေရိကန်မိသားစုက စားပြီးသောက်ပြီးရင် သူ့ဝင်ငွေရဲ့ ၉၃.၆% ကျန်နေချိန်မှာ နိုင်ဂျီးရီးယားမိသားစုကတော့ ၄၃.၆ % ပဲ တခြားအတွက် သုံးစရာကျန်တော့တယ်။ စားစရိတ်အတွက် ဝင်ငွေရဲ့ ရာနှုန်းနည်းနည်းပဲ သုံးရတဲ့တိုင်းပြည်တွေအကုန်လုံးက absolute တန်ဖိုးအရဆိုရင် အစားအသောက်ဈေးကြီးတယ်ဆိုတဲ့ နိုင်ငံတွေချည်းပဲ။ စားစရိတ်အတွက် ရှာသမျှ ဝင်ငွေရဲ့ တဝက်လောက်ကို သုံးရတယ်ဆိုတဲ့ နိုင်ငံတွေအကုန်လုံးက absolute တန်ဖိုးအရဆို အစားအသောက် ဈေးပေါကြတဲ့ တိုင်းပြည်တွေ။
စားစရိတ်ပြီးတော့ နေစရိတ်ကို ကြည့်ကြည့်ရအောင်။ တနေ့ ကျပ် ၅ ထောင်ရပါတယ်ဆိုတဲ့ လူတယောက်က မနားဘဲ နေ့တိုင်းအလုပ်လုပ်တယ်ဆိုရင် တလ ကျပ် ၁ သိန်းခွဲရမယ်။ သူ့အတွက် တိုက်ခန်းမပြောနဲ့။ အဆောင်အခန်း ခပ်သေးသေးငှားမယ်ဆိုရင် တလကျပ် ၅ သောင်းလောက်ပေးရမယ်။ သူ့လစာရဲ့ ၃၃% သွားပြီ။ ဒီက အောက်ခြေသိမ်းဝန်ထမ်းတယောက်က နေ့တိုင်းအလုပ်မလုပ်ဘဲ တပတ်ကို ၅ ရက်လုပ်၊ ၂ ရက်နားတယ်ဆိုရင် သူ့ရဲ့တလ ပျမ်းမျှဝင်ငွေက အခွန်ဆောင်ပြီးဆိုရင် မြန်မာကျပ်ငွေ ၃၅ သိန်းလောက်ရှိတယ်။ ဒီမှာက အဆောင်တွေမရှိဘူး။ သူ့တယောက်ထဲအတွက် အခန်းခပ်သေးသေးငှားမယ်ဆိုရင် ကျပ် ၉ သိန်းလောက် ကုန်မယ်ဆိုတော့ သူ့ဝင်ငွေရဲ့ ၂၅% လောက်ကို နေဖို့သုံးရတယ်ပေါ့။ ရန်ကုန်နေစရိတ်က ၃၃% ကုန်တဲ့အချိန်မှာ ဒီမှာက ၂၅% လောက်ပဲကုန်တယ်။
ရန်ကုန်နေစရိတ်ကို တလ ရက်သုံးဆယ်လုပ်ရတဲ့ ဝင်ငွေပေါ် အခြေခံတွက်ထားပေမယ့် ဒီကနေစရိတ်ကိုတော့ တပတ်ကို နှစ်ရက်နားရတဲ့ လစဉ်ဝင်ငွေနဲ့ တွက်ထားတာဆိုတော့ နေ့တိုင်းလုပ်တာချင်းတာ နှိုင်းမယ်ဆိုရင်တော့ ရန်ကုန်က ပိုတောင်ဈေးကြီးဦးမယ်။
အိန္ဒိယသွားတုန်းက ငှားခဲ့တဲ့ကားသမားကို ကိုဗစ်ဖြစ်လို့ ဒီကနေ မုန့်ဖိုး ဒေါ်လာ ၂၀၀ လှမ်းပေးတော့ သူက လူကြီး ၃ ယောက်ရှိတဲ့ သူတို့ မိသားစုအတွက် စားစရိတ် ၃ လစာလောက် အရမ်းချွေတာစားရင် ရနိုင်တယ်လို့ ပြောတယ်။ ဒေါ်လာ ၂၀၀ ဆိုတာ မြန်မာငွေနဲ့ဆိုရင် ၃ သိန်း ဝန်းကျင်ပေါ့။ ရန်ကုန်မှာ ၃ သိန်းကို လူကြီး၃ယောက်ရှိတဲ့ မိသားစုက ဖြစ်ညှစ်ချွေတာစားတယ်ဆိုရင်တောင် နှစ်လလောက်ပဲခံမယ်။ သုံးလတော့ မခံလောက်ဘူး။
ဝင်ငွေတွေက နည်း၊ ကုန်ဈေးနှုန်းတွေက ကြီးဆိုတော့ မြန်မာပြည်မှာ အတော်ကိုချမ်းသာတဲ့လူနဲ့ ဆင်းရဲတဲ့လူဆိုပြီး လူတန်းစားနှစ်မျိုးပဲ ရှိနေကြတယ်။ လူလတ်တန်းစားက အတော်ကို နည်းလွန်းတယ်။ ဒီကြားထဲ ကိုဗစ်ဖြစ်တာနဲ့တင် တပြည်လုံး ဒုက္ခရောက်နေကြချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့အခါကျတော့ ဂေါ်ဇီလာအရွယ် သူေဋ္ဌးတွေက ဆင်ဖြစ်။ ဆင်အရွယ်တွေက ဆိတ်ဖြစ်။ ဆိတ်အရွယ်တွေက ကြက်ဖြစ်။ ကြက်အရွယ်တွေက ကြွက်ဖြစ်ကုန်ကြတယ်။ နဂိုကတည်းက ကြွက်သာသာလောက်ရှိတဲ့ မရှိဆင်းရဲသားကတော့ ကြာရင် ပရွက်ဆိတ်သာသာပဲကျန်တော့မယ်။