ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ရာကျော်လာသော်လည်း စာသင်ကျောင်း၊ ဘဏ်များနှင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်မည်မဟုတ်ဟု ပြည်နယ်ကောင်စီဆို

ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ရာကျော်လာသော်လည်း စာသင်ကျောင်း၊ ဘဏ်များနှင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်မည်မဟုတ်ဟု ပြည်နယ်ကောင်စီဆို
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်ပြည်နယ်တွင်၊ ကိုဗစ်ပို့တွေ့လူနာ ၁၀၀ ကျော်အထိရှိလာသော်လည်း စာသင်ကျောင်းအပါအဝင် ဘဏ်များနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းသွားမည်မဟုတ်ကြောင်း ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ်ဆင့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ လောလောဆယ်အနေအထားအရတော့ ကျောင်းတွေဘဏ်တွေပိတ်ဖို့မရပါဘူး။ အသက်ကို အန္တရာယ်ပြုတဲ့အဆင့်အထိ ရောက်လာမယ်ဆိုရင်တော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပိတ်သင့် မပိတ်သင့်ဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ပိတ်ဖို့လိုအပ်ပြီးလားဆိုတာကိုလည်း အမြဲတမ်း စောင့်ကြည့်နေပါတယ်” ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားမည်ဆိုပါက ကုန်သွယ်ရေးလုပ်နေသော စက်လှေများကို မှီခိုစားသောက်နေသည့် မိသားစုဝင်များ စားဝတ်နေရေး အခက်အခဲဖြစ်သွားမည်ကို မလိုလားသောကြောင့် ရေပြင်စက်လှေများပေါ်တွင်ရှိနေသည့် ကိုဗစ်ပိုးများ ကုန်းပေါ်သို့ ကူးစက်ပြန်ပွားမှုမစေရန် ထိမ်းသိမ်းကာ ကုန်းသွယ်ရေးလုပ်ငန်းကို မရပ်တန့်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ကျွန်တော်တို့ ဒီကိုဗစ်ကြောင့် စီးပွားရေးကျဆင်းတယ်။ အလုပ်အဖြစ်ဘူးဆိုတဲ့ကာလမှာ နယ်စပ်ကုန်သွယ်ရေးလေးတစ်ခု ပွင့်နေတာကြောင့် စက်လှေကို ဒီအတိုင်းထားလို့မရဘူး။ စက်လှေမှာ အလုပ်သမားတွေတာရမယ်ဆိုတော့ ဒီလိုအလုပ်ဖြစ်နေကြတာတစ်ခုကို ကျွန်တော်တို့က ကိုဗစ်ကိုအ ကြောင်းပြပြီးတော့ အမှတ်တကယ် ရေထဲကလူနာတွေ၊ ကုန်းပေါ်ကို ပြန့်ထွက်သွား တဲ့အနေ အထားလည်းမရှိဘဲနဲ့ ရပ်ပစ်လိုက်မယ်ဆိုလို့ရှိရင် အကျိုးထက် အပြစ်များမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လတ်တလော ရပ်ပစ်ဖို့မရှိပါဘူး” ဟု ပြည်နယ်ကောင်စီအဖွဲ့ဝင် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ကိုဗစ်တတိယလိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာပေါင်း ၁၅၀ ခန့်ရှိနေပြီဖြစ်ပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဗစ်ကူးစက်ရောဂါသည် ကြိုတင်ကာကွယ်၍ရသော ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကျန်းရေးထုတ်ပြန်ချက်များကို လိုက်နာပြီး ပေါ့ဆမနေသင့်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...