ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် နေအိမ်ရှစ်လုံး မီးလောင်ကျွမ်း၊ ဝါယာရှော့မှ မီးလောင်ခြင်းဖြစ်ဟု မြို့နယ်မီးသတ်ပြော

ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် နေအိမ်ရှစ်လုံး မီးလောင်ကျွမ်း၊ ဝါယာရှော့မှ မီးလောင်ခြင်းဖြစ်ဟု မြို့နယ်မီးသတ်ပြော
by -
စိုင်းထွန်းစံ (MNA)

ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် ဇွန် ၂၉ ရက် နံနက် ၉ နာရီကျော်ခန့်က နေအိမ်ရှစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်ခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနက ပြောသည်။

ရေးမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်နိုင်က “မီးကူးစက်ခံရတဲ့ နေအိမ်ရှစ်လုံးထဲမှာမှ နှစ်လုံးကတော့ မီးထဲအကုန်ပါသွားတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ အားလုံးပေါင်း သိန်း ၅၀ နီးပါး (၄,၉၇၅,၀၀၀) လောက်ရှိတယ်။ အခြားလူနဲ့ တိရစ္ဆာန်ကတော့ ထိခိုက်မှုမရှိပါဘူး” ဟုဆိုသည်။

သောင်ပြင်ကျေးရွာ အကွက် ၃ နေ ဦးလော့၏ RC နှစ်ထပ်သွပ်မိုး နေအိမ်အပေါ်ထပ်မှ လျှပ်စစ်မီးဝါယာရှော့ဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းရာမှ လမိုင်းမြို့ နယ်မြေခံမီးသတ်ဌာနမှ အရန်မီးသတ်ဖွဲ့ဝင် ၂၅ ဦးနှင့်အတူ မီးသတ်ယာဉ် ၁၀ စီးဖြင့် မနက် ၁၀ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

“အခုတော့ မီးသတ်ဌာနကနေပြီးတော့ ဦးလော့ကို တရားဥပဒေအရ ပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ စာတင်ထားတာရှိတယ်။ အဲ့ကနေပြီးတော့ လိုအပ်တဲ့ထောက်ပံ့မှုတွေ ရလာမှာပေါ့၊ ဌာနဆိုင်ရာပေါင်းစုံကရော ဒေသခံတွေကပါ လိုအပ်တာတွေ ဝိုင်ဝန်းလုပ်ဆောင်ပေးတယ်” ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးကဆိုသည်။

အဆိုပါ သောင်ပြင်ကျေးရွာ မီးလောင်မှုသည် ၂၀၂၁ ခုနှစ်တွင် ရေးမြို့နယ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပရဟိတသမားများက ယင်းမီးဘေးသင့်သူများအတွက် ကူညီထောက်ပံ့နိုင်ရန် မွန်အဖွဲ့အစည်းများက ရန်ပုံငွေကောက်ခံခြင်း၊ နှိုးဆော်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရသည်။

Photo – Original credit

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...