လက်ရှိ ကိုဗစ်တတိယလှိုင်း ရိုက်ခက်နေစဉ်အတွင်း မတူညီမှုများကို ခဏထား၍ ကိုဗစ်စည်းကမ်းချက်များကို လိုက်နာပေးကြရန် ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ယက်က တိုက်တွန်းလိုက်သည်။
“ကျန်းမာနေမှ ယုံကြည်ရာဆောင်ရွက်နိုင်ကြမှာမို့ ယခုကာလမှာ မတူတာတွေခဏထားပြီး အရင်ကလိုပဲ ဟုမ္မလင်း အထက်ချင်းတွင်း ဥရုဒေသကို အတူပူပေါင်းကာကွယ်ကြရင်းနဲ့ ကိုဗစ်စည်းကမ်းချက်များကို တိတိကျကျလိုက်နာပေးကြဖို့ ချင်းတွင်းဉရုရှမ်းနီလူငယ်ကွန်ယက်မှ အလေးအနက် နိုးဆော်တိုက်တွန်းအပ်ပါတယ်” ဟု ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ကိုဗစ်ကူးစက်မှုသည် စစ်ဆေးတွေ့ရှိမှုဖြစ်စဉ်များအရ အခြားဒေသမှ ဝင်ရောက်လာခြင်းမဟုတ်ပဲ မိမိဒေသအတွင်း၌ပင် ကူးစက်ခံရခြင်းဖြစ်ပြီး ယခုအခါ ဟုမ္မလင်းဒေသအား ခြိမ်းခြောက်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါဒေသတွင် ဇွန် ၂ ရက်မှ ၂၆ ရက်အထိ ကိုဗစ်ပိုးတွေ့စုစုပေါင်း ၁၁၈ ဦးရှိပြီး ဇွန် ၂၇ ရက်တွင် ၃၀ ဦးတွင် ပိုးထပ်မံတွေ့ရှိခဲ့ရာ ကိုဗစ်ကူးစက်ခံရသူ ၁၄၈ ဦးရှိပြီဖြစ်ကြေင်း သိရသည်။
လက်ရှိတွင် ၁၀ ဦးမှာ ကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာကာ နေအိမ်သို့ပြန်နိုင်ခဲ့သဖြင့် ပိုးတွေ့လူနာ ၁၃၈ ဦးကျန်နေသေးကြောင်းနှင့် ၎င်းတို့ကို ခုတင် ၁၀၀ ဆေးရုံ သံဃာဆောင်၊ ဆည်မြောင်းရုံး (ယာယီကုသဆောင်) နှင့် ဟုမ္မလင်းကောလိပ် (ယာယီကုသဆောင်) များ၌ ကုသမှုများပေးလျက်ရှိပြီး သီတဂူဆေးရုံတော် (ဟုမ္မလင်း) Qurantine Center တွင်လည်း အယောက် ၁၀၀ စာအတွက် အသင့်ပြင်ဆင်ထားရှိပြီးထားကြောင်း သိရသည်။