ကချင်ပြည်နယ် ပူတာအိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လူငယ်တစ်ဦးကို ၎င်း၏နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့သော်လည်း မတွေ့သဖြင့် ယောက်ဖဖြစ်သူကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဇွန် ၂၈ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က ပူတာအို မြို့မရပ်ကွက်နေထိုင်သူ ရင်းထန်ထယ်ရမ်ကို ရဲနှင့်စစ်သားများက အိမ်စီးကားအပါ ကား ခြောက်စီး၊ စစ်အင်အား ၄၀ ဝန်းကျင်ခန့်ဖြင့် ဝန်းရံဖမ်းဆီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့လာဖမ်းတဲ့လူငယ်က မရှိတော့ သူ့ယောက်ဖကို ဖမ်းဆီးသွားတယ်။ လူစားအဖြစ်နဲ့ ဖမ်းဆီးသွားတဲ့ပုံစံ။ လာဖမ်းတဲ့သူက ထွက်ပြေးလွတ်သွားတော့ သူ့အိမ်မှာရှိနေတဲ့ သူ့ယောက်ဖဖြစ်သူကို ခေါ်သွားတယ်။ အဲ့ကြောင့် ဖမ်းခံရတဲ့ သူရဲ့မိသားစုဝင်တွေက အရမ်းစိုးရိမ်နေတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
ကိုရင်းထန်ထယ်ရမ်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီ ဒလန်သတင်းပေးချက်အရဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ အသက် ၃၀ ဝန်းကျင် ဦးရင်ထန်ဒီးဖြစ်ပြီး လက်ရှိ ပူတာအိုမြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားကြောင်း သိရသည်။
Published
Wednesday, June 30, 2021
ပူတာအိုတွင် ဖမ်းဆီးရမည့်လူငယ်မရှိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား