AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားဆွဲဆိုခံရသော လူငယ်လေးဦးလွတ်လာခြင်းက ကောင်းမွန်သည့်လက္ခဏာတစ်ခုဖြစ်ဟု ရှေ့နေပြော

AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားဆွဲဆိုခံရသော လူငယ်လေးဦးလွတ်လာခြင်းက ကောင်းမွန်သည့်လက္ခဏာတစ်ခုဖြစ်ဟု ရှေ့နေပြော
by -
ကောင်းကျော်နိုင် (BNI)

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် လူငယ်လေးဦး ပြန်လွတ်လာခြင်းက ကောင်းမွန်တဲ့လက္ခဏာဖြစ်သည့်အတွက် ဝမ်းမိကြောင်း အမှုလိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ဆန်းနိုင်က ပြောသည်။

“ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖမ်းစီးခံရကတည်းက အမှုတစ်စုံတရာ ပေါ်ပေါက်မှုမရှိတဲ့အတွက် ပုံမှန်ဆိုရင်လည်း လွတ်ပေးသင့်တဲ့အမှုပါ။ ဒီလိုအချိန်မှာ ဒီလိုမျိုးကောင်းမွန်တဲ့ လက္ခဏာတစ်ခု ဖြစ်လာတဲ့အတွက်ပေါ့နော်။ ကျနော့်အနေနဲ့လည်း ဝမ်းသာပါတယ်” ဟု အမှုလိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေ ဦးကျော်ဆန်းနိုင်က ပြောသည်။

အဆိုပါလူငယ်လေးဦးသည် အမ်းမြို့နယ်၊ တရားရုံးတွင် အမှုရင်ဆိုင်နေရစဉ် ဇွန်လ ၁၁ ရက် နေ့လည် ၂ နာရီအချိန်ခန့်က တရားသေတစ်ဦးနှင့် တရားရှင် လေးဦး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

တရားသေအဖြစ် လွတ်မြောက်လာသူမှာ ကိုကျော်စိုးဝင်းဖြစ်ပြီး တရားရှင်လွတ်မြောက်လာသူများမှာ ကိုမောင်ကျော်၊ ကိုအောင်သိန်းထွန်းနှင့် ကိုအောင်မိုးထွန်းတို့ဖြစ်သည်။

“ဖမ်းဆီးခံထားရတာတော့ တစ်နှစ်ကျော်လောက်ရှိပြီး အေအေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး ဖမ်းသွားတာပါ။ အခုလို ပြန်လွတ်လာတော့ အတိုင်းမသိဝမ်းသာပါတယ်” ဟု လွတ်မြောက်လာသူ ကိုမောင်ကျော်၏ ိခင်ဖြစ်သူ ဒေါ်မလှက ပြောသည်

ယခုလွတ်မြောက်လာသူ ၄ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝရီလအတွင်းက ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ အမ်းမြို့နယ်ရှိ ခမရ (၃၇၁) မှ ဗိုလ်မှူးကြီးစိုးသူထွန်းက တရားလိုပြုကာ ဖမ်းဆီးတရားစွဲဆို အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...