နိုင်ငံရေးပါတီဝင်စာရင်းများ ပြုစုပြီးပေးပို့ရန် စစ်ကောင်စီ၏ UEC အကြောင်းကြား

နိုင်ငံရေးပါတီဝင်စာရင်းများ ပြုစုပြီးပေးပို့ရန် စစ်ကောင်စီ၏ UEC အကြောင်းကြား
by -
စိုင်းထွန်းစံ (MNA)

လက်ရှိကာလတွင် နိုင်ငံရေးပါတီများအားလုံး ပြောင်းလဲမှုများရှိနိုင်ခြင်းကြောင့် ပါတီဝင်အင်အားစာရင်းများ ပြုစုပြီးပေးပို့ရန် အကြောင်းကြားထားကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ သိရသည်။

“ယခုအခါတွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများမျာ ပြောင်းလဲမှုများရှိနိုင်ခြင်း၊ လက်ရှိ စည်းရုံးရရှိထားသည့် ပါတီဝင်အင်အားစာရင်းများကို သိရှိရန်နှင့် စိစစ်ရန် ထပ်မံလိုအပ်လျက်ရှိခြင်းတို့ကြောင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် ပါတီဝင်ဦးရေစာရင်းကို သတ်မှတ်ထားသည့် ပုံစံ (ဇ) နှင့် (ပုံစံ (ဇ) ၏ ပူးတွဲ) နှစ်စုံ၊ ယင်း (ပုံစံ (ဇ) ၏ ပူးတွဲ) Hard Copy ကို Soft Copy (Excel File) ပြုစု၍ (CD) ချပ်နှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၃၀-၉-၂၀၂၁ ရက်နေ့အရောက် နောက်ဆုံးထားပေးပို့ကြရန်” UEC မှ အကြောင်းကြားထားသည်။

ယင်းသို့ ပါတီဝင်စာရင်းများပေးပို့ရန် စစ်ကောင်စီ၏ UEC က ဇွန် ၁၀ ရက်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက တင်ပြရမည့်အင်အားသည် တစ်ထောင်ဖြစ်သော်လည်း လက်ရှိ စည်းရုံးရရှိထားသည့်အင်အားမှာ တစ်သောင်းဖြစ်ပါက ထိုစာရင်းကို တင်ပြရန်ဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်ထားသည့် ပါတီဝင်များစာရင်းကို ပေးပို့ထားပြီးဖြစ်သည့်အတွက် အသစ်ပြန်လည်ပို့ပေးရန် မလိုအပ်တော့ဟု တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ဆိုသည်။

“အရင်ကတည်းက စာရင်းအတိုင်းပဲ လျော့တဲ့ဟာကိုလည်း စာရင်းပြုစုပြီး ပေးပို့ထားပြီးသားပဲ နုတ်ထွက်ထားတဲ့လူတွေကိုလည်း အားလုံးစာရင်းပေးပို့ထားပြီးသားပဲ၊ အသစ်ပြန်ပို့စရာမလိုပါဘူး၊ ပြီးခဲ့တဲ့ UEC လက်ထက်ကတည်းက ကျွန်တော်တို့ပို့ထားတာ ၁၂၀၀ လောက်ရှိတယ်လေ၊ အခုလျော့သွားတာ တစ်ရာမှမရှိတာ သူက တစ်ထောင်ပဲလေ ၁၂၀၀၊ ၁၄၀၀ တောင် ကျွန်တော်တို့ တင်ထားတယ်။ ဒီလောက်လျော့တာ ထပ်ပြီး တင်စရာမလိုပါဘူး။ မှတ်ပုံတင်ကျဖို့ကတည်းက အဲလိုတင်ထားပြီးသားပဲ။ အသစ်ပြန်တောင်းတယ်ဆိုတာက ကျွန်တော်တို့ စာပြန်ဖို့ပဲလိုတယ်” ဟု နိုင်စံတင်က ပြောသည်။

နိုင်ငံရေးပါတီများသည် ပါတီမှတ်ပုံတင်ခွင့်ရပြီးသည့် အချိန်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ) နှင့် နည်းဥပဒေ ၁၃ (က) တို့အရ ပါတီဝင်အင်အားများ စုစည်းပြီးသတ်မှတ်ထားသည့် ပါတီဝင်ဦးရေကို UEC သို့ ပေးပို့ထားသော်လည်း လက်ရှိ ပါတီဝင်ဦးရေကို သိရှိနိုင်ရန် လိုအပ်သဖြင့် ပုံစံ (ဇ) ဖြင့် နှစ်စောင်ပြုစုပြီး ပေးပို့ရန် နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားထားသည်ဟု သိရသည်။

ဆက်လက်ပြီး နိုင်စံတင်က “စာပြန်တဲ့အခါ ကျွန်တော်တို့ ပထမတင်ထားတဲ့ အင်အားစာရင်းအတိုင်းပဲ အဲတာဆို ရပြီ၊ သူတို့မှာ ရှိပြီးသားပဲ သူ့စာရင်း၊ သူတို့ အသစ်ပြန်တောင်းတယ်ဆိုတာ ပါတီဝင်အင်အားစာရင်းကိုမတောင်းပါဘူး ကျွန်တော်တို့ သိရသလောက်၊ အဓိက CEC စာရင်းပါပဲ။ တကယ်စာရင်းက သူတို့မှာ ရှိပြီးသားပဲ။ အမှန်မှာ အဲတာတွေလည်း ပို့စရာမလို့ဘူး။ CEC ဆီက သူတို့က Confirm ပြန်လုပ်တာပေါ့ဗျာ။ အရင်ကလိုပဲ ကိုယ်ရေးရာဇာဝင်လိုက်မေးတာပဲ အဲလိုပဲရှိတာပါ” ပြောသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ တည်ဆဲမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၃ ပါတီရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...