ချင်းပြည်နယ် ဟားခါးမြို့တွင် ဇွန် ၅ ရက် ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဟားခါးမြို့ဒေသခံများထံမှ သိရသည်။
"အားလုံးသူတို့လွတ်လာပြီ။ မနေ့ညက နောက်ဆုံးကျန်လေးယောက် လွတ်လာပြီဆိုတော့ အားလုံးလွတ်ပြီ။ သူတို့အားလုံးကတော့ နောက်နောင် တော်လှန်ရေးမှာ မပါဝင်ရန်ပေါ့။ အဲလိုခံဝန်ကတိနဲ့ လွတ်လာကြတယ်။ တပ်ဘက်ကတော့ သူတို့ဖမ်းဆီးထားတာက မေးမြန်းစရာရှိလို့ ခနခေါ်ထားတာလို့တော့ပြောတယ်" ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရသူများကို စစ်ကောင်စီက ဇွန် ၆ ရက်တွင် ၂၈ ဦးပြန်လွတ်ပြီး ၇ ရက်တွင် အမျိုးသမီးခုနစ်ဦး၊ ဇွန် ၈ ရက်တွင် ၂၂ ဦး ၉ ရက်နေ့ညတွင် ၄ ဦး ထပ်မံပြန်လွတ်ပြီး အားလုံပြန်လွတ်ပြီဖြစ်သည်။
ဇွန် ၅ ရက် ညနေပိုင်း ဗုံးပေါက်ကွဲမှုကြောင့် အနီးနားသွားလာသူများနှင့် ပေါက်ကွဲမှုအနီးအနားရှိ ဖမ်းဆီးခံရသူ အမျိုးသမီး ၃၅ ဦး အမျိုးသား ၂၆ ဦးစုစုပေါင်း ၆၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။