MUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး ဘုရားသုံးဆူမြို့အနီးတွင် သေနတ်ပစ်ခတ်လုပ်ကြံခံရ

MUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး ဘုရားသုံးဆူမြို့အနီးတွင် သေနတ်ပစ်ခတ်လုပ်ကြံခံရ
by -
စိုင်းထွန်းစံ (MNA)

မွန်ညီညွတ်ရေးပါတီ MUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး အသက် (၃၂) နှစ်ကို ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာတွင် ဇွန် ၈ ရက် ညနေပိုင်း၌ အမည်မသိသေနတ်သမားက အနီးကပ်ပစ်ခတ်သွားသဖြင့် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

“သုံးဆူမှာညအိပ်ဖို့ ရွာသစ်ကနေ မိဝေသီဖြိုးတစ်ယောက်ထဲ ကားမောင်းထွက်လာတယ်။ သေနတ်သမားက ဆိုင်ကယ်နဲ့ နောက်ကကပ်လိုက်လာပြီး ရွာသစ်အထွက်မှာ အနီးကပ်ပစ်သတ် လိုက်တယ်။ သုံးချက်ထိမှန်ခဲ့တယ်။ ဆေးရုံအရောက်မှာ ဆုံးသွားရှာတယ်” ဟု ဘုရားသုံးဆူမြို့ မွန်ညီညွတ်ရေးပါတီဝင်တစ်ဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် မိဝေသီဖြိုး၏ ယာခြေသလုံး ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ဝဲဖက်နို့အုံ ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဖက်လက်မောင်း ဖောက်ထွက်ဒဏ်ရာတစ်ချက် ဒဏ်ရာများရရှိခဲ့ပြီး ည ၇ နာရီ ၂၀ မိနစ်ခန့်က သေဆုံးခဲ့ကြောင်း ဆရာဝန်ဆေးစစ်ချက်အရ သိရသည်။

မိဝေသီဖြိုးသည် ရွာသစ်ရွာ၌ ဖခင်မိခင်တို့နှင့်အတူ နေထိုင်လျက်ရှိပြီး လုံခြုံရေးစိတ်မချဖြစ်နေသည့်အတွက် ညပိုင်းအချိန်များတွင် ဘုရားသုံးဆူမြို့ရှိ ဆွေမျိုးအသိအိမ်သို့ သွားရောက်အိပ်စက်လေ့ရှိကြောင်း၊ ယနေ့ညနေပိုင်း၌ နေအိမ်မှထွက်ခွာလာစဉ် မိနစ်ပိုင်းအတွင်းမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ရွာသစ်ရွာသားတစ်ဦးက ပြောသည်။

LLB ဘွဲ့ရ ရှေ့နေတစ်ဦးဖြစ်သည့် မိဝေသီဖြိုးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်မြေ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီကိုယ်စားလှယ်အား မဲအနည်းငယ်ကပ်၍ ရှုံးနိမ့်ခဲ့သည်။

ယခုဖြစ်စဥ်အပေါ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အရေးပေါ်အစည်းအဝေးကို မနက်ဖန်တွင် မော်လမြိုင်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေ ၁၉ ရက်တွင်လည်း ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး အမည်မသိသေနတ်သမား၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...