ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ခန့်အထိရှိလာပြီး အဖက်ဖက်မှ အကူအညီများလိုအပ်နေ

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ခန့်အထိရှိလာပြီး အဖက်ဖက်မှ အကူအညီများလိုအပ်နေ

လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြောင့် ကရင်နီပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ခန့် အထိရှိလာပြီး အဖက်ဖက်မှ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် မေ ၂၀ ရက် နောက်ပိုင်းက စတင်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ တစ်သိန်းဝန်းကျင်အထိ ရှိလာပြီဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

၎င်းက “စပြေးတဲ့ရက်နဲ့ ထွက်ပြေးတဲ့ရက်နဲ့ ဒီ အခြေအနေထိတော့ အားလုံးပဲဗျာ။ အခုထိလည်း အခြေအနေ မငြိမ်သေးခါကျတော့ အဲဒီအရင်က ကျနော်တို့ ထွက်ပြေးတဲ့ ပုံစံမျိုးကျနော်တို့ သွားနေရတယ်။ ဒုက္ခ သည် အရေအတွက် အားလုံးပေါင်းဆို တစ်သိန်းလောက်တော့ ရှိတယ်ဗျား။ ထွက်ပြေးတဲ့ လူတွေ ကိုယ့်အိမ် ကိုယ်စွန့်ပြီးတော့မှ တစ်ခြားသော နေရာဒေသမှာ သို့မဟုတ် တောတောင်မှာ သို့မဟုတ် တစ်ခြားသော မြို့ နယ်မှာ ထွက်ပြေးခိုလှုံနေသူတွေ တစ်သိန်းဂဏန်းလောက်ရှိတယ်ဗျား” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ စသည့်မြို့များမှ ဒေသခံ တစ်သိန်းဝန်းကျင်မှာ တောတောင်များနှင့် စစ်ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေကြရပြီး စားသောက်နေထိုင်ရေးများအပြင် အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေဆဲဖြစ်သည်ဟု ဆက်ပြောသည်။

“အခုလက်ရှိ အနေအထား ခါကျတော့ စပါးတွေဘာတွေ ရှိသေးတယ် ခါကျတော့ တစ်လ နှစ်လအတွင်းတော့ ကျနော်တို့ တောင့်ခံနိုင်တဲ့ အနေအထားရှိနိုင်သေးတယ်ပေါ့နော။ ဒါပေမယ့် တစ်ခြားသော စားနပ်ရိက္ခာ ဆီတွေ၊ ဆားတွေ အခြားသော ကုန်ခြောက်တွေ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေတဲ့ အနေအထားမှာရှိတယ်ဗျာ။ ဒီအတောအတွင်း ပြတ်လပ်နေတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော။ တစ်ခြားသော ဆန်ကလွဲရင် အခြားသော ကုန်စည်တွေကတော့ ပြတ်တောက်နေတဲ့ အနေအထားမှာ ကျနော်တို့ တွေ့ရတယ်ပေါ့” ဟု ပြောသည်။

လက်ရှိအခြေအနေအရ စစ်ဘေးရှောင်များအတွက် ဆန်စပါး နှစ်လစာအတွက် ဖူလုံမှုရှိသော်လည်း ယခုကဲ့သို့ ရှေရှည်သွားနေမည်ဆိုပါက နောက်ပိုင်းတွင် အဖက်ဖက်မှ ပိုမိုခက်ခဲလာနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များအပြင် လက်ရှိတွင် ဆေးဝါးများလည်း အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဆိုပါဒေသခံလူငယ်က ပြောသည်။

၎င်းက “အခုလက်ရှိအနေအထားက အဓိကလိုအပ်တာက အများအားဖြင့် ကလေးတွေအတွက် အဓိက ဆေးဝါးပစ္စည်းလိုတယ်။ သူတို့အတွက် နည်းနည်းလေး နေထိုင်မှုပုံစံမျိုးတွေ အဲဒါမျိုးတွေ လိုအပ်တာရှိတယ်။ နောက်ထပ်အဓိက ဘာတွေ လိုအပ်တာလဲဆိုလို့ရှိရင် လူကြီးနဲ့ ကလေးတွေ နောက် မသန်မစွမ်းရှိတဲ့ လူတွေ သက်ကြီးရွယ်အိုတွေအတွက် အဓိက ဆေးဝါးပစ္စည်းတွေ အများကြီးလိုတယ်။ နောက် အမျိုးသမီးအသုံး အဆောင် ပစ္စည်းတွေလည်း အများကြီးလိုအပ်တဲ့ အခြေအနေမှာရှိတယ်ဗျာ” ဟုပြောသည်။

ထို့အပြင် မိုးရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန်အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထို တိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့နေထိုင်ရာ ဒေသများတွင် လုံခြုံမှုမရှိတော့သည့်အတွက် နီးစပ်ရာမြို့များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး အများစုမှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ စစ်ဘေးရှောင်ဦးရေ တစ်သိန်းဝန်းကျင်အထိရှိလာနေပြီ အဆိုပါ စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်အတွက် အဖက်ဖက်မှ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအညီပေး နေသူများက ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...