ကရင်နီပြည်နယ်၏ လူဦးရေ လေးပုံတစ်ပုံ စစ်ဘေးရှောင်နေရ

ကရင်နီပြည်နယ်၏ လူဦးရေ လေးပုံတစ်ပုံ စစ်ဘေးရှောင်နေရ
by -
နော်ဒွေးအယ်ခူ (KT)

ကရင်နီ (ကယား) ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ အမြောက်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်နယ်ရှိ လူဦးရေ၏ လေးပုံတစ်ပုံ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) Humanitarian Focal က ပြောသည်။

 

“ကယားပြည်နယ်ရဲ့  လူဦးရေက လေးသိန်းကျော်ကျော်လောက်ပဲရှိတယ်။ အခုဟာက ပြည်နယ်မှာရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံက တောထဲရောက်နေပြီ။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ကိုယ့်အားကို ကိုးပြီးတော့မှ ရေရှည် ဘယ်လိုမှ မတောင့်ခံနိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာ အစိုးရတွေကနေ အများဆုံး စီစဉ်ပေးဖို့ လိုအပ်လာပါပြီ။ ဒါမှသာလျှင် ကျွန်တော်တို့ လူမျိုးစုအပေါ်မှာ ထိခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သေကြေပျက်စီးမှုတွေကို ကျွန်တော်တို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

 

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အနေဖြင့် လက်လှမ်းမီသမျှ ကောက်ယူထားသည့် စာရင်းအရ ခြောက်သောင်းခွဲ ရှိနေပြီဖြစ်ပြီး လက်လှမ်းမမီသေးသည့် နေရာ၊ မြို့နယ်များစွာ ရှိနေသေးသည့် အတွက် စုစုပေါင်းမှာ တစ်သိန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

စစ်ဘေးရှောင်ပြည်သူများက ဒီးမော့ဆိုမြို့နယ်တွင် အများဆုံးဖြစ်ပြီး ၊ ဒုတိယအများဆုံးအနေဖြင့် လွိုင်ကော်မြို့နယ်ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးကို ပိတ်ဆို့ထားသည့်အတွက် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရာတွင် သယ်ယူပို့ဆောင်ရေးအခက်အခဲကို အကြီးမားဆုံး ရင်ဆိုင်နေရပြီး ငွေကြေးအခက်အခဲအပြင် စစ်ဘေးရှောင်လူထုများက ပြန့်ကျဲနေသည့်အတွက်လည်း ထောက်ပံ့ရေးမှာ အခက်အခဲရှိကြောင်း သိရသည်။ 

 

“စစ်ကောင်စီက သယ်ယူပို့ဆောင်ခွင့်မပေးဘူး။ စစ်ကောင်စီကိုယ်တိုင်က သယ်ယူပို့ဆောင်နေတဲ့ လူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့် တံတားပျက်ခြင်းတွေနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ ပိတ်ဆို့မှုကြောင့် ကုန်စည်တွေက ပိတ်သွားတယ်” ဟု  KSCC ၏ Humanitarian Focal က ပြောသည်။

 

စစ်ဘေးရှောင်လူထု၏ အဓိကလိုအပ်ချက်ဟာ အစာရေစာဖြစ်ပြီး တစ်ပတ်နှစ်ပတ်အတွင်းသာ ဖူလုံနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။ 

 

“အဓိက အစာရေစာပေါ့ တချို့အချိန်ရလို့သယ်နိုင်သူရှိသလို မသယ်လိုက်ရတဲ့သူတွေရှိတယ်။ ပြန်မယူရဲတဲ့သူလည်းရှိတယ်။ ခုတစ်ပတ်နှစ်ပတ်အတွင်းသိပ်မသိသာပေမဲ့ လနဲ့ချီကြာရင်တော့ ဝယ်မရတဲ့ပြသနာ ရှိလာနိုင်တယ်” ဟု သူကပြောသည်။ 

 

လက်ရှိမှာတော့ စစ်ဘေးရှောင်များ၏ ကျန်းမာရေးဆိုင်ရာကို တိုင်းရင်းသားဆေးတပ်ဖွဲ့နှင့် အခြားမိတ်အဖွဲ့များက ဆောင်ရွက်ပေးနေသော်လည်း ဆေးဝါးက ရက်ပိုင်းအတွက်သာ လုံလောက်မှုရှိနိုင်ကြောင်း သိရသည်။ 

 

စစ်ဘေးရှောင်လူထုများကို စားနပ်ရိက္ခာ၊ ဆေးဝါးများကို သယ်ယူပို့ဆောင်ပေးသည့်နေရာကို အကြမ်းဖက်စစ်ကောင်စီအပြင် မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပဲ လွတ်လပ်စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် နိုင်ငံတကာ အစိုးရများ၊ UN၊ ICRC စသည့် Agency များက အမြန်ဆုံး စစ်ကောင်စီကို ဖိအားပေးပြီး IDP စခန်းကို ထူထောင်နိုင်အောင် လုပ်ပေးရန်အတွက် လိုအပ်သည့် ဆေးဝါး၊ စားနပ်ရိက္ခာအပြင်၊ ကျန်းမာရေး၊ ပညာရေးများကိုပါ လုပ်ဆောင်ပေးရန် KSCC Humanitarian Focal က တောင်းဆိုလိုက်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...