တောင်ကြီးမြို့က ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး

တောင်ကြီးမြို့က ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဈေးပိုင်းရပ်ကွက်နေထိုင်သည့် ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီက ရိုက်နှိက်ကာဖမ်းဆီးခေါ်ဆောင်မှု ဇွန် ၃ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါနေ့ ညသန်းခေါင် (၁၂) နာရီချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဓာတ်ပုံဆရာ ခွန်အောင်ဆန်း (ကိုမင်းဇာနည်) ၏နေအိမ်သို့ ကားခြောက်စီး၊ လူအင်အား ၂၀ ဝန်းကျင်ဖြင့်ရောက်ရှိလာပြီး၊ ဓာတ်ပုံဆရာကို ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“ည ၁၂ နာရီအချိန်မှာလာဖမ်းတာ။ အိမ်ကို ကားခြောက်စီး၊ အင်အား ၂၀ လောက်ရှိမယ်။ ဘာကြောင့် ဖမ်းလဲမသိဘူး။ ရိုက်ပြီးဖမ်းသွားတာ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။

 

ဓာတ်ပုံဆရာ ခွန်အောင်ဆန်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏မိသားစုဝင်များကိုလည်း တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ကြောင်း သိရသည်။

 

“သူတို့အိမ်မှာက ခြောက်ယောက်လောက်တော့ရှိမယ်ထင်တယ်။ သူရဲ့အမေကိုလည်း ရိုက်တယ်။ ပြီးတော့ သူအမ၊ ညီမနဲ့ ပြီးတော့ ယောကျာ်းလေးတစ်ယောက်ပါ ရိုက်ခံရတယ်” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

 

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သော်လည်း ညနက်ချိန်တွင် စစ်ကောင်စီက ပြည်သူများကို နေအိမ်ထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိနေကြောင်း သိရသည်။

 

“သူတို့က ညမထွက်ရအမိန့်ထုတ်ပြီး သူတို့ကပဲ ပြည်သူတွေကို လိုက်ဖမ်းနေတယ်။ တအားယုတ်မာတာ။ သူတို့လုပ်ရပ်တွေက ခွင့်လွှတ်ပေးလို့ရတဲ့လုပ်ရပ်မဟုတ်ဘူး။ ကျွန်တော်တို့ပြည်သူတွေက ညရော၊ မနက်ရော သတိထားနေရတယ်။ စိုးရိမ်းစိတ်နဲ့နေရတယ်” ဟု တောင်ကြီးမြို့ Generation Z လူငယ်တစ်ဦးက ပြောသည်။

 

တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့ရက်ပိုင်းက ညအချိန်တွင် ဖမ်းဆီးခံရသူစုစုပေါင်း ၇ ဦးထိရှိကြောင်း ဒေသခံများကပြောသည်။

 

သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာနအနေဖြင့် ခွန်အောင်ဆန်းတစ်ဦးမှလွဲ၍ ကျန်ဖမ်းဆီးခံရသည့်သူများကို စုံစမ်းနေဆဲဖြစ်ပြီး မသိရသေးပေ။

 

စစ်တပ်ကအာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃ ရက်ထိ တစ်နိုင်ငံလုံးတွင် ပြည်သူ ၈၄၅ ဦး သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၅၆၅၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...