ကျောင်းဖွင့်သည့်နေ့ ရခိုင်တွင် ကျောင်းသားသုံးသိန်းကျော် ကျောင်းတက်ဟုဆို

ကျောင်းဖွင့်သည့်နေ့ ရခိုင်တွင် ကျောင်းသားသုံးသိန်းကျော် ကျောင်းတက်ဟုဆို
by -
ခိုင်လူလှ (Narinjara)

ရခိုင်ပြည်နယ်တွင် ဇွန် ၁ ရက်၌ ကျောင်းတက်သူ သုံးသိန်းကျော်ရှိပြီး သံတွဲခရိုင်တစ်ခုသာ ကျောင်းတက်သူ ကျောင်းသား/ကျောင်းသူဦးရေ ယမန်နှစ်ထက် တစ်ဝက်နီးပါး လျော့ကျသွားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သံတွဲခရိုင်တစ်ခုလုံး ကျောင်းတက်သော ကျောင်းသား/ကျောင်းသူဦးရေက ၆၀၅၀၇ ဦးရှိခဲ့သော်လည်း ကျောင်းစဖွင့်သည့် ဇွန်တစ်ရက်နေ့တွင် ကျောင်းလာတက်သူ ကျောင်းသားဦးရေ ၃၉၁၄၁ သာရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

စစ်တပ်၏အာဏာသိမ်းမှုကို ကန့်ကွက်သည့် ရခိုင်ပြည်နယ်ရှိ အဓိကမြို့နယ်များထဲတွင် သံတွဲခရိုင် သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်များပါဝင်ပြီး ထိုမြို့နယ်များတွင် ကျောင်းသားများ ကျောင်းမတက်လှုပ်ရှားမှုကြောင့် ယခုလိုလျော့ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇွန် ၁ ရက်၌ ကျောင်းတက်သူ ကျောင်းသားဦးရေက ၃၅၈၉၃၁ ဦးရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရှိ ကျောင်းသား/ကျောင်းသူဦးရေ ၅၃၉၅၀၃ ဦးနှင့် နှိုင်းယှဉ်ပါက တစ်သိန်းငါးသောင်းကျော် လျော့နည်းသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ခရိုင်ငါးခုရှိပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇွန် ၁ ရက်တွင် ကျောင်းလာတက်မှုမှာ စစ်တွေခရိုင်၌ ၁၀၁,၃၀၁ ဦး၊ မြောက်ဦးခရိုင်၌ ၁၁၀,၆၅၂ ဦး၊ မောင်တောခရိုင်၌ ၄၃၂၁၁ ဦး၊ ကျောက်ဖြူခရိုင်၌ ၆၄၆၂၆ နှင့် သံတွဲရိုင်၌ ၃၉၁၄၁ ဦး တက်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...