စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် CDM ပြုလုပ်သော ပညာရေး၀န်ထမ်းများ၏ လစာငွေများကို ကျောင်းအုပ်တချို့က ထုတ်ယူထားသောကြောင့် CDM စာရင်းတွင် ပါ၀င်လာခြင်းမရှိကြောင်း သိရသည်။
“ကျွန်တော်တို့ကျောင်းမှာ ၀န်ထမ်း ၂၁ ရောက်ရှိတယ်။ ၁၇ ယောက်က လစာမထုတ်ပဲ CDM လုပ်ထားတယ်။ ဒါပေမယ် ကျောင်းအုပ်ကြီးက လစာထုတ်ထားတော့ CDM စာရင်းထဲမှာ တစ်ယောက်မှမပါတော့ဘူးဖြစ်နေတယ်” ဟု ဟုမ္မလင်းမြို့မှ CDM ပညာရေး၀န်ထမ်းတစ်ဦးကပြောသည်။
ထိုကဲ့သို့ CDM ပြုလုပ်ထားသော ပညာရေး၀န်ထမ်းများ၏ လစာငွေများကို ကြားမှ ထုတ်ယူသုံးစွဲမှုများ နိုင်ငံတစ်ဝှမ်းတွင်ရှိနိုင်ကာ CDM ပြုလုပ်ထားသော်လည်း CDM စာရင်တွင် မပါ၀င်ခြင်းကြောင့် နစ်နာမှုရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်ထင်တယ်။ အများစုအဲလိုဖြစ်နေတယ်ထင်တယ်။ လူက CDM လုပ်ထားတယ်။ ဒါပေမယ့် CDM မလုပ်တဲ့သူတွေက လစာထုတ်ထားလိုက်တယ်။ အဲတော့ Non CDM ထဲမှာပါသွားတယ်။ အဲတော့ဗျာ CDM ဆရာ၊ ဆရာမစာရင်းတွေထုတ်ပြန်တော့ နည်းသွားတာပေါ့ဗျ“ ဟု ၄င်းကပြောသည်။
ဟုမ္မလင်းမြို့တွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြမှုများရှိခဲ့ပြီး CDM ပြုလုပ်ကြသည့် ပညာရေး၀န်ထမ်း ၆၁၈ ဦးကို တာ၀န်မှ ယာယီရပ်ဆဲကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
“အခု ကျောင်းအပ်တွေလက်ခံနေပြီ။ ဒါပေမယ့် ကျောင်းအပ်တဲ့အရေအတွက်ကတော့ တော်တော်လေးနည်းတယ်လို့ပဲ ကျွန်တော်တို့ကြားရတယ်။ သတင်းအတိအကျနဲ့ စာရင်အတိအကျတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူးဗျ” ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။
အလုပ်တာ၀န်များမှ ရပ်ဆဲခံရသည့် CDM ဆရာ/ဆရာမများကို ပညာရေးဌာနနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမများ ထပ်ဆက်သွယ်ကာ သွားရောက်တွေ့ဆုံ အကြောင်းပြချက်ပေးရန် ဖုန်မက်ဆေ့ပေးပို့လာမှုများရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် စာရင်းအရ အခြေခံပညာဦးစီဌာန၏ ကျောင်းပေါင်း ၃၁၁ ကျောင်းတွင် ဆရာ၊ဆရာမ စုစုပေါင်း ၂၆၁၈ ဦးရှိကြောင်းသိရသည်။