စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ကလေးသူငယ် ၇၃ ဦးရှိဟု ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (မေ ၂၆ ရက်) တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
ထိုကလေးသူငယ်များမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၅ ရက်မှ မေ ၁၅ ရက်အတွင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ကလေးသူငယ်များဖြစ်သည်ဟု NUG က ဆိုသည်။
NUGထုတ်ပြန်ချက်ထဲတွင် “ဖေဖော်ဝါရီ ၁၅ ရက်ကနေ မေလ ၁၅ ရက်နေ့အတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်များစာရင်းပါ။ ဒီရက်ပိုင်းအတွင်းတနိုင်ငံလုံးမှာ အသက် ၁၈ နှစ်အောက်ကလေး စုစုပေါင်း ၇၃ ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ ယောကျ်ားလေး ၆၃ ဦး၊ မိန်းကလေးကိုး ဦးဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။
ထိုကလေးသူငယ်များသည် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေစဉ် ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ နေအိမ်ထဲသို့ စစ်ကောင်စီတပ်များက ဝင်ရောက်သတ်ဖြတ်ခံရခြင်းနှင့် အချို့မှာ အိမ်အပြင်တွင် ဆော့ကစားနေစဉ် သေနတ်ထိမှန် သေဆုံးခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်က ဆိုသည်။
ယခုထုတ်ပြန်ထားသည့် သေဆုံးသူ ကလေးသူငယ် စားရင်းများသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် စာရင်းများ မပါဝင်သေးကြောင်း NUG က ပြောသည်။
“အခုစာရင်းထဲမှာ အခုနောက်ပိုင်း တမြို့လုံးကို ပစ်မှတ်ထား ချေမှုန်းတိုက်ခိုက်ခံရတဲ့ မင်းတပ်၊ ကနီ၊ ဒီမောဆိုး စတဲ့ဒေသတွေက သေဆုံးစာရင်းတွေမပါသေးပါဘူး။ ဒီစာရင်းတွေကို နောက်ထပ်ထပ်တိုး စုဆောင်းတင်ပြပါ မယ်။ မိုးမောက်မြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးလက်နက်ကြီး ထိမှန် သေဆုံးတာမျိုးစတဲ့ သတင်းတွေ ထပ်ရထားပါတယ်” ဟု NUG ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
စစ်အာဏာသိမ်းခြင်းကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်တိုက်ခြင်းကြောင့် မေလ ၂၅ ရက်နေ့အထိ သေဆုံးသူ ၈၂၇ ဦး ရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးသူများစာရင်းထဲတွင် ကလေးသူငယ်များလည်း ပါဝင်သည်ဟု သိရသည်။