ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦး၏အမှု နောက်ဆုံးရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သူ ရဲမှူးမရောက်၍ အမှုကို စစ်ဆေးနိုင်ခြင်းမရှိဘဲ လာမည့် မေ ၂၆ ရက်သို့ ထပ်မံရုံးချိန်းခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။
အမှုကို မေ ၁၈ ရက် နံနက် ၁၁ နာရီခန့်က ရုံးထုတ်စစ်ဆေးရန်ရှိသော်လည် နောက်ဆုံးစစ်ဆေးမည့် တရားလိုပြသက်သေဖြစ်သူ ဒု-ရဲမှူးမင်းမင်းသူ မရောက်ရှိလာခဲ့ဟု သိရသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန် (ခ) ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့အမှုမှာ နှစ်နှစ်နီးပါးကြာလာပြီဖြစ်သဖြင့် ရုံးချိန်းမှန်စေချင်ကြောင်း မိသားစုဝင်များကပြောသည်။
ကိုအောင်မြတ်ကျော်၏ ဆွေမျိုးဖြစ်သူ ဦးထွန်းထွန်းဦးက “အမှုကို အမြန်ပြီးချင်တာပေါ့။ အမှုစစ်လို့ပြီးမှ စွဲချက်တင်မှ အမြန်ပြီးမှာပေါ့။ သူတို့မှာလည်း သူတို့အခက်အခဲရှိလို့ မလာတာထင်တယ်။ ဒါပေမယ့် မိသားစုမှာတော့ အမှုမြန်မြန်စစ်ပြီးစေချင်တယ်” ဟု ပြောသည်။
ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးမှာ စင်ကာပူ ရခိုင်အသင်းခေါင်းဆောင်များဖြစ်ပြီး ၂ဝ၁၉ ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့ညတွင် စင်ကာပူပြည်ထဲရေးဌာနက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့ရာ ဇူလိုင်လ ၁ဝ ရက် ၁၁ ရက်နေ့များက ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။
အမှုရင်ဆိုင်နေရသူ ကိုတင်လှိုင်ဦး၏ ဖခင်ကလည်း နှစ်နှစ်နီးပါး ကြာလာပြီဖြစ်သဖြင့် မြန်မြန်ဆန်ဆန် စစ်ဆေးပေးစေလိုကြောင်း၊ နောက်တစ်ကြိမ်ရုံးချိန်းတွင် တရားလိုပြသက်သေ မရောက်ပါက တရားဥပဒေအညီ ဆောင်ရွက်ပေးစေချင်ကြောင်း ပြောသည်။
“အခုသူမရောက်တာ နှစ်ခေါက်ရှိပြီပေါ့။ အဲဒါဟာ ဥပဒေနဲ့လည်းမညီဘူးလို့ ပြောရမယ်ပေါ့။ သုံးကြိမ်ချိန်းလို့မရောက်ရင် ကျွန်တော်တို့ကြားဖူးတာ အဲဒီသက်သေကို ပယ်လို့ရတယ်လို့ကြားဖူးတယ်။ အရင်က ကိုဗစ်နဲ့လည်း ရုံးချိန်းမခေါ်ဘူး။ အများကြီးနစ်နာတယ်။ ငွေကုန်တာကတမျိုး။ စိတ်ဆင်းရဲရတာကတမျိုးပါ။ တရားဥပဒေအရဆက်လုပ်စေချင်တယ်” ဟု အမှုရင်ဆိုင်နေရသူ ကိုတင်လှိုင်ဦး၏ဖခင်က ပြောသည်။
၄င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်အား အမှုအကြောင်းနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပါ။
၄င်းတို့ရှစ်ဦးမှာ ပုဒ်မ ၅ဝ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် အသီးသီး အမှုရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။