လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အမျိုးအစားအလိုက် တစ်လီတာ ၁၁၀၀ ကျပ်အထိ စျေးပေါက်နေပြီး အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် စက်သုံးဆီဈေးတစ်လီတာ ကျပ် ၃၀၀ ကျော်အထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ဇန်နဝါရီလကုန်ပိုင်းတွင် အောက်တိန်း 92 တစ်လီတာ ကျပ် (၆၅၅)၊ အောက်တိန်း 95 တစ်လီတာ ကျပ် (၇၆၅)၊ ဒီဇယ်တစ်လီတာ ကျပ် ၆၉၅ နှင့် ပရီမီယံဒီဇယ် တစ်လီတာကျပ် ၇၀၅ သာရှိခဲ့သည်။
ရေးမြို့ စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးက “ပုံမှန်ရောင်းရတယ်ဆိုပေမယ့် ကျွန်တော်တို့ ပင်ရင်းဆီသွားယူနေတဲ့နေရာက ကျွန်တော်တို့ကိုထပ်ဆောင်းဝယ်ယူမှ ရောင်းမှာတဲ့ ကျွန်တော်တို့ကလည်း ဖောက်သည်တွေကို ခေါက်ပြန်ပေးပုံစံနဲ့ ပြန်ရောင်းနေတော့ ထပ်ဆောင်းဝယ်ယူဖို့က ငွေရေးကြေးရေး ပြဿနည်းနည်းဖြစ်တာပေါ့” ဟု ဆိုသည်။
မေ ၁၇ ရက် တွင် ဒီဇယ် ၁ လီတာ ၁၀၁၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၁၀၂၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၀၁၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၁၀၀ ကျပ်အထိ ဆက်လက်မြင့်တက်နေခြင်းကြောင့် Taxi ယာဉ်မောင်းအချို့ လုပ်ငန်းရပ်နားခဲ့ရသူများလည်းရှိကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်အတွင်း Taxi ယာဉ်မောင်းတစ်ဦးက “အခက်အခဲက တော်တော်များများပေါ့ဗျာ ဆီဈေးတက်လို့ တွက်ချေမကိုက်တာရယ် နိုင်ငံရေးအခြေအနေလည်း မတည်ငြိမ်တော့ လူတွေ အသွားအလာနည်းတာရယ် ရာသီဥတုလည်းပူတာကြောင့် ခဏရပ်နားထားတဲ့သဘောပေါ့” ယာဉ်မောင်းကပြောသည်။
ယမန်နေ့ ပြည်တွင်းရွှေဈေးအပိတ်မှာ ၁,၅၇၀,၀၀၀ ဝန်းကျင်အထိ ကျဆင်းလာသော်လည်း အမေရိကန် ၁ ဒေါ်လာ ၁၆၈၀/၁၇၀၅ ကျပ်၊ ထိုင်း ၁ ဘတ် ၅၀. ၅/ ၅၂.၅ ကျပ်အထိ စျေးနှုန်းပေါက်လျက်ရှိသည်။