ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်နိုင်ရေး အချိန်တစ်ခုလိုအပ်သည့်အပေါ် ပြည်သူများနာလည်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်နိုင်ရေး အချိန်တစ်ခုလိုအပ်သည့်အပေါ် ပြည်သူများနာလည်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

ခေတ်မီတပ်မတော်တစ်ရပ် ထူထောင်နိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်မှုများလုပ်ဆောင်ရသည့်အတွက် အချိန်ကာလတစ်ခုလိုအပ်သည့်အပေါ် ပြည်သူများအနေဖြင့် လက်ခံနားလည်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။



ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းတစ်လပြည့်နေ့ မေလ ၁၆ ရက်နေ့က မိန့်ခွန်းထဲတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။



ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “အစိုးရတစ်ရပ်ရဲ့ ခေတ်မီလက်နက်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ၊ နည်းစနစ်၊ စုဖွဲ့မှုပုံစံတွေကစပြီး လိုအပ်တာတွေ စနစ်တကျ လေ့ကျင်သင်ကြားပေးရတာ၊ စစ်သည်အင်အား၊ လက်နက်အင်အားပြည့်စုံအောင် ပြင်ဆင်လုပ်ဆောင်ရတာတွေကြောင့် ထိုက်သင့်တဲ့အချိန်ကာလတစ်ခု လိုအပ်တယ်ဆိုတာ ပြည်သူတွေအားလုံးကလည်း လက်ခံနားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။



ထိုသို့လုပ်ဆောင်နိုင်မှသာ ပြည်သူများအားကိုးအားထားရသည့် တပ်မတော်တစ်ရပ်ဖြစ်လာမည်ဟု ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ဆက်ပြောသည်။



“ဒီလို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်မှလည်း ခိုင်မာတောင့်တင်းပြီး ပြည်သူလူထုကို ပြည့်ပြည့်ဝဝ အကာအကွယ်ပေးနိုင်မယ့် တပ်မတော်တစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။



လက်ရှိတွင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် အရည်အသွေးပြည့်ဝသည့် တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ရန်သာမက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်၊ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် တာဝန်ခွဲဝေပြီး ပြည်သူများမနှစ်မြို့သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ပြည်သူလူထု၏အကျိုးကို ထမ်းဆောင်နိုင်ရန်အတွက် အခက်အခဲအမျိုးမျိုးကြားက နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးပြောကြားလိုသည်ဟု ဆိုသည်။



ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအစိုးရများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းက နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်လည်း အမြဲမပြတ် တိုင်ပင်ဆွေးနွေးပြီး ပြည်သူလူထု လိုလားတောင့်တနေသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ပေါက်လာစေရေး အားထုတ်ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်ဟု ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ရှင်းပြသည်။



ထို့အပြင် စစ်အာဏာရှင်အလိုမရှိသည့် နိုင်ငံတဝန်းရှိ ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးနှိမ့်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုစွဲဆိုကာ ထောင်ချနေသည့်ကာလတွင် ပြည်သူများအနေဖြင့် စစ်အာဏာရှင်အမြစ်ပြတ်ပြီး ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်သည့် အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်ပေးရန် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က တောင်းဆိုသည်။



“ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်စေဖို့ ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တစ်ခဲနက် ထောက်ခံပြီး အောင်ပွဲရသည်အထိ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်ပေးကြဖို့နဲ့ မဝေးတော့တဲ့ကာလမှာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်က အပြီးတိုင် ပျောက်ကွယ်သွားတော့မယ်ဆိုတာ ခိုင်ခိုင်မာမာယုံကြည်ထားကြဖို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြော သည်။



ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာခဲ့သည်။



ထို့သို့ကြေညာပြီးနောက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကိုခံနေရသည့် ပြည်သူများကို ကာကွယ်ရန်အတွက် ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းကြောင်း NUG က မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။



ထိုသို့ထုတ်ပြန်ခဲ့သော်လည်း အရည်အသွေးပြည့်ဝသည့် ခောတ်မီတပ်မတော်တစ်ရပ် တည်ထောင်ရန်အတွက် အချိန်ကာလတစ်ခုလိုအပ်သည့်အပေါ် ပြည်သူများအနေဖြင့် လက်ခံနားလည်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းခြင်း တစ်လပြည့်နေ့တွင် ပြည်သူများအား မေတ္တာရပ်ခံပြောဆိုခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...