တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်တွင် တပ်စွဲထားခြင်းကို ရုပ်သိမ်းပေးပါက အမြန်ဆုံးနေရပ်ပြန်မည်ဟု စစ်ဘေးရှောင်များပြော

တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်တွင် တပ်စွဲထားခြင်းကို ရုပ်သိမ်းပေးပါက အမြန်ဆုံးနေရပ်ပြန်မည်ဟု စစ်ဘေးရှောင်များပြော
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီး တောင်ရှည်တောင် တပ်စွဲထားခြင်းကို ရုပ်သိမ်းပေးပါက မိုင်းရှင်းလင်းမှုမပြီးသေးသော်လည်း အမြန်ဆုံးနေရပ်ပြန်မည်ဖြစ်ကြောင်း စစ်ဘေးရှောင်နေကြသည့် တပ်မကျေးရွာသားများက ပြောသည်။

“တောင်ရှည်တောင်မှာရှိတဲ့ တပ်ကို ရုပ်သိမ်းပေးတာနဲ့ ပြန်မှာပါ။ စစ်ဘေးရှောင်စခန်းမှာနေရတာလည်း မဆင်ပြေတော့ဘူး။ ထောက်ပံ့ကြေးတွေလည်း မပြည့်အဝမရတာများတော့ တော်တော်အခက်အခဲဖြစ်နေကြပြီ မိုင်းအန္တရာယ်ကိုလည်း မကြောက်တော့ဘူး။ အိမ်ကိုပဲပြန်ချင်တယ်” ဟု ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်စခန်း အများအပြားတွင် ထောက်ပံ့ပေးနေသည့် ထောက်ပံ့ကြေးများ အပြည့်အဝမရရှိ၍ စစ်ဘေးရှောင်အများအပြား အခက်အခဲကြုံတွေနေရကြောင်း တင်းမကြီးကျေးရွာမှ ကျောက်တော်မြို့ သစ်ကယ်ဆည်ရေးစခန်းတွင် စစ်ဘေးရှောင်နေသည့် ဦးထွန်းသိန်းက ပြောသည်။

“WFA ကပေးတဲ့ ပိုက်ဆံတစ်သောင်းခွဲကိုတော့ ရကြတယ်။ ဆန်တွေကိုတော့ အပြည့်အဝမရကြပြီး ဒါကြောင့် အပြင်မှာ ရတဲ့အလုပ်ကို ရှာလုပ်နေကြတယ်။ အလုပ်ကလည်း လုပ်ချင်တိုင်းလုပ်လို့မရကြဘူး။ ဒီလိုမျိုး ကျွန်တော်တို့စခန်းတစ်ခုတည်းဖြစ်တာလားဆိုပြီး လက်လှမ်းမှီသလောက် စုံစမ်းကြည့်တယ်။ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေမြို့တွေမှာလည်း ဒီလိုမျိုးပြဿရှိကြတယ်လို့ ပြောကြပါတယ်” ဟု ဦးထွန်းသိန်းက ပြောသည်။

လက်ရှိတွင် ကျောင်းဖွင့်ရာသီဖြစ်နေသည့်အတွက် ရရှိသည့်ထောက်ပံ့ကြေးများဖြင့် ကလေးများကို ကျောင်းဆက်ထားရန် အခက်အခဲဖြစ်နေကြောင်း အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ငွေတစ်သောင်းခွဲကျစီတော့ရတယ်။ ကျွန်မတို့မိသားစုမှာ လေးယောက်ဆိုတော့ ခြောက်သောင်းပေါ့။ အဲဒါနဲ့ ကလေးတွေလည်း ကျောင်းနေရတော့မယ်။ ဆယ်တန်း၊ ခုနစ်တန်း၊ လေးတန်း သုံးယောက်ရှိတယ်။ ကျောင်းလည်း ဆက်ထားနိ်ုင်ဖို့ အခြေအနေမရှိတော့ပါဘူး။ ကလေးတွေလည်း စာသင်ရတော့မှာမဟုတ်တော့ဘူး။ ရွာပြန်ပြီးတော့ ဖြစ်သလိုလုပ်ကိုင်စားသောက်ချင်ပါတယ်။ ဘာလုပ်စာရမှန်းတော့မသိဘူး။” ဟု ကျောက်တော်မြို့နယ်ရှိ စဘေးရှောင်တစ်ခုတွင် ခိုလှုံနေသည့် တင်းမကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

တင်းမကျေးရွာသည် ရက္ခိုင့်တက်တော် အေအေနှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲသော အချိန်ကာလတစ်ခုဖြစ်သည့် ၂၀၂၀ ခုနှစ် မတ် ၁၉ နေတွင် နေအိမ် ၁၃၂ ဆောင် မီးလောင်ပြာကျသွားသည့်အတွက် ကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတင်းမကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...