တောင်ကြီးတွင် စစ်ကောင်စီက နေအိမ်များဖျက်ဆီးဝင်ရောက် ပစ္စည်းများယူဆောင်သွား

တောင်ကြီးတွင် စစ်ကောင်စီက နေအိမ်များဖျက်ဆီးဝင်ရောက် ပစ္စည်းများယူဆောင်သွား
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့တွင် စစ်ကောင်စီအုပ်စုက ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။

 

တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေ ၁၂ ရက် ညနေ ၄ နာရီ အချိန်တွင် စစ်ကောင်စီအုပ်စုက ဒလန်များသတင်းပေးမှုကြောင့် လူမနေသည့်နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး ဆိုင်ကယ်တစ်စီးနှင့် ပစ္စည်းများကို ယူဆောင်းသွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

 

“အဲ့နေ့ (မေ ၁၂) ရက် ညနေ ၄ နာရီလောက်က စစ်သားတွေ၊ ရဲတွေက ပြည်သူရဲ့နေအိမ်ထဲကို သော့ဖျက်ပြီးတော့ဝင်တယ်။ အဲအိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဆိုင်ကယ်ကို လည်းယူသွားသေးတယ်” ဟု ၎င်းကပြောသည်။ 

 

တောင်ကြီးမြို့တွင် ဒလန်များ၏သတင်းပေးမှုကြောင့် ပြည်သူများ လုံခြုံရေးစိုးရိမ်နေရကြောင်း၊ ဒလန်များကြောင့် မကြာခဏ ဖမ်းဆီးခံရပြီး၊ နေအိမ်ဝင်ရောက် စစ်ဆေးမှု ခံနေရကြောင်းလည်း တောင်ကြီးဒေသခံများကပြောသည်။

 

“သူတို့ အိမ်ထဲထိလိုက်ဖမ်းတယ်။ ဝင်ခိုးတယ်။ အိမ်တွေပါသော့ဖျတ်ပြီး ဝင်ခိုးတယ်ဆိုတော့ လွန်တာပေါ့။ သွားလာဖို့တောင်း တော်တော်စိုးရိမ်ရတယ်။ ခုတောင် အိမ်မှာနေရင်တောင် ကြောက်နေရတယ်လေ။ အဓိကတော့ ဒလန်တွေကြောင့် ဒလန်တွေကို အရင်ရှင်းပစ်ရမယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

 

အလားတူ ယမန့်နေ့ (မေ ၁၃ ရက်) က အိမ်အကူ (ဒလန်) သတင်းပေးမှုကြောင့် အိမ်ရှင်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ 

 

ထို့ပြင် မတ် ၁၁ ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီးဒေသခံများ ပြောပြချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...