ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဖမ်းဆီးစစ်ဆေးရခြင်းသည် အထက်အမိန့်အရ ဖမ်းဆီးစစ်ဆေးကြောင်း ဖမ်းဆီးစစ်ဆေးခံထားရသည့်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လိုင်စင်မရှိတဲ့ကားတွေ ယာဉ်မောင်းလိုင်စင်တွေကို အထက်အမိန့်အရ စစ်တယ်လို့ပြောတယ်။ ဖြစ်နိုင်ရင် ယာဉ်မောင်းလိုင်စင် ကားလိုင်စင်ရှိရမယ်။ နောက်ပိုင်း ဘာမှမရှိရင် တကယ်ယူမယ်လို့တော့ပြောတယ်။ ပြည်သူကော၊ သံယာတော်တွေကော မထားတော့ဘူးလို့တော့ပြောတယ်” ဟု စစ်ဆေးခံထားရသည့် ကားသမားတစ်ဦးက ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရက် (၁၀၀) အတွင်းတွင် ထိုင်းနိုင်ငံမှ ကုန်ပစည်းတင်သွင်းခွင့် တားပိတ်ခြင်း၊ ဆိုင်ကယ်တင်သွင်းခွင့်ကို ပိတ်ပင်ထားခြင်းနှင့် ဆိုင်ကယ်ရောင်းသည့်ဆိုင်များကို ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်သည်ကို တွေ့ရသည်။
ထို့ပြင် မေ (၁၂) ရက်တွင် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်အချို့ လိုင်စင်မဲ့ကားများ တင်သွင်းရောင်းချမှု ရှိ/မရှိ စတင်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ကားအရောင်း (Showroom) များကိုလည်း ရှောင်တခင်စစ်ဆေးမှုများ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံတစ်ဦးထံမှ သိရသည်။
“မေ ၁၂ ရက် မနက် ၆ နာရီလောက်မှာ တောင်ကြီးမြို့ လေးမိုင်အထွက်မှာ လိုင်စင်မဲ့ကားတွေ ဖမ်းနေတာတွေ့ရတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းကာစတွင်လည်း တောင်ကြီးမြို့ လေးမိုင်ရှိ မြို့အဝင်/အထွက်များကို စစ်သားများ ရဲများမှ ကားများ မော်တော်ဆိုင်ကယ်များ တားဆီးစစ်ဆေးနေသည်ကိုလည်းတွေ့ရကြောင်း ကားဆရာများက ပြောသည်။
“နေရပ်လိပ်စာတွေ၊ ဖုန်းနံပတ်တွေ မှတ်ပုံတင်နံပတ်တွေ တောင်းတယ်” ဟု အငှားကားယာဉ်မောင်းတစ်ဦးက ပြောသည်။
ရှမ်းပြည်တွင် လိုင်စင်မဲ့ကားများကို အသေးစား စီးပွားရေးတစ်ခုအနေဖြင့် အရောင်း/အဝယ်ပြုလုပ်ကြသည်ကိုတွေ့ရပြီး အဆိုပါကားများကို ထိုင်း - မြန်မာ ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် တင်သွင်းလျက်ရှိကြောင်း ကားပွဲစားများထံမှ စုံစမ်းသိရသည်။
ယခင်အစိုးရလက်ထက်တွင် လိုင်စင်မဲ့ကားများကို ဖမ်းနေသော်လည်း ယာဉ်ထိန်းရဲများသာ ဖမ်းဆီးစစ်ဆေးပြီး ယခုစစ်ကောင်စီအစိုးရသည် လိုင်စင်မဲ့ကားများကို စစ်ဆေးရာမှာ စစ်သားများပါဝင်နေကြောင်းလည်း ပြည်သူများက ပြောဆိုလျက်ရှိသည်။
Published
Thursday, May 13, 2021
ရှမ်းပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ကောင်စီ စစ်ဆေးဖမ်းဆီးနေ