ဖားကန့်မြို့၊ လုံးခင်းရပ်ကွက်ရှိ ရာစုသစ်လက်ဖက်ရည်ဆိုင်တွင် သပိတ်မှောက်ရာ၌အသုံးပြုသည့် ပစ္စည်းများတွေ့ရှိသဖြင့် ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဖမ်းဆီး၍ ပုဒ်မ - ၅၀၅ (က) ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
“မနက် (၈) နာရီလော ရဲတွေရောက်လာတယ်။ အစတော့ သပိတ်အဖွဲ့ကို လာစောင့်နေတာလို့ထင်တာ နောက် မိုးရွာလာတော့ ဆိုင်ထဲဝင်သွားတာဆိုတော့ ဪ.. လက္ဘက်ရည်ဝင်သောက်တာလားလို့၊ ဘယ်ဟုတ်မလဲ။ အရင်တစ်ခေါက်က သပိတ်အဖွဲ့တွေ လာအပ်ထားတဲ့ ဦးထုပ်တွေ၊ခမောက်တွေ လက်ကိုင်ဆိုင်းဘုတ်တွေ အလံတိုင်စိုက်တဲ့ ပိုက်လုံးတွေ၊ ဝါးလုံးတွေ ပြီးတော့ လက်ကိုင်ဆိုင်းဘုတ်တွေ့တော့ အဲဒါတွေလည်း သိမ်းသွားတယ်။ ပြီးတော့ အမျိုးသမီးကိုလည်း ဖမ်းခေါ်သွားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
အသက် (၅၁) နှစ်ရှိ ဒေါဝါဝါအား ဖမ်းဆီးခြင်းသည် သပိတ်စစ်ကြောင်းများကိုင်ဆောင်သည့် ဆိုင်းဘုတ်၊ ဦးထုပ် အစရှိသည့် ပစ္စည်းများတွေ့ရှိခြင်းကြောင့်ဖြစ်ပြီး လက်ရှိ လုံးခင်းရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
"ညနေတော့ လုံးခင်းရဲစခန်းကနေ ဖားကန့်ကိုပို့မယ်လို့တော့ ကြားရတယ် ဒီပစ္စည်းတွေက ဟိုတစ်ခေါက်က သပိတ်အဖွဲ့တွေ လာအပ်ထားတဲ့ဟာတွေပါ။ အစတော့ စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားကြတယ်၊ နေ့လည်ရောက်တော့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်ပြီလို့ သိရတယ်" ဆိုပြီး မိသားစုဝင်တစ်ဦးကပြောသည်။
ဖားကန့်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် သပိတ်စစ်ကြောင်းများအား ဖေဖော်ဝါရီ ၈ ရက်မှစကာ ရဲနှင့်စစ်သားများက ပစ်ခတ်ဖြိုခွင်းမူများ ပြုလုပ်ခဲ့သည့်အတွက် သုံးဦးသေဆုံးကာ ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
Published
Thursday, May 13, 2021
ရာစုသစ်လက်ဖက်ရည်ဆိုင်တွင် သပိတ်မှောက်ရာတွင်အသုံးပြုသော ပစ္စည်းများတွေ့ရှိသဖြင့် ဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်