ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် အခြေခံမူဝါဒရှိရမည်ဟု KSCC ပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် အခြေခံမူဝါဒရှိရမည်ဟု KSCC ပြော
by -
နော်ဒွေးအယ်ခူ (KT)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြမည်ဟုဆိုကာ ဖွဲ့စည်းလိုက်သည့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊ အခြေခံမူဝါဒ ရှိရမည်ဖြစ်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထောက်ပြပြောဆိုသည်။

“တကယ့်တကယ် လက်နက်ကိုင်တပ်ဖွဲ့ဆိုတာက ပြောရရင်တော့ ဖွဲ့ဖို့ဆိုတာမလွယ်ပါဘူး။ တကယ်တမ်း တပ်ဖွဲ့ဖွဲ့ဖို့ဆိုတာလေ။ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အခြေခံမူဝါဒတွေရှိရမယ်။ ဘာကြောင့် လက်နက်ကိုင်တာလဲ။ လက်နက်ကိုင်အဖွဲ့ကို ကျွန်တော်တို့ စီမံခန့်ခွဲတဲ့ပုံစံရှိရမယ်။ လက်နက်ကိုင်တပ်ရဲ့ ဖွဲ့စည်းပုံတွေရှိရမယ်လေ။ အဲဒီလိုစနစ်တကျဖြစ်မှသာ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်လို့ရမယ်။ ကိုယ်ဖြစ်ချင်တဲ့အရာကိုလည်း ဗျူဟာကျကျနဲ့ ဆောင်ရွက်လို့ရမယ်။ လက်နက်ကိုင်ပြီးမှ တန်းတိုက်မယ်ဆိုတာတော့ စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ နည်းနည်းလိုအပ်ချက်ရှိတယ်လို့ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ကရင်နီပြည်နယ်အတွင်းရှိသည့် အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသည့် တိုက်ပွဲဝင်ရဲဘော်များစုစည်း၍ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Karenni People Defense Force – KPDF) ကို ပြီးခဲ့သည့် မေ ၇ ရက်က ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တစ်စောင် လူမှုစာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီမော့ဆို) ကိုလည်း မေ ၆ ရက်တွင် ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်ကောင်စီက ပြည်သူများကို သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို တိုက်ထုတ်ရှင်းလင်းသွားမည်ဟု ကြေညာထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် လူထုကဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မကန့်ကွက်ကြောင်း KNPP အတွင်းရေးမှူး - ၂ ခူးဒယ်နီယာယ်ကပြောသည်။

“လူထုအနေနဲ့ စလုပ်နေကြတာရှိတယ်။ သို့သော် ကေအဲန်ပီပီအနေနဲ့ ဘယ်လိုပါဝင်မလဲဆိုတာတော့ ပြောဖို့စောသေးတယ်ပေါ့နော်။ ဒါကတော့ လူထုလုပ်ရင်တော့ ကျွန်တော်တို့ မကန့်ကွက်ဘူး။ ဖြစ်စဉ်တစ်ခုအပေါ်မှာ ရှင်းရှင်းလင်းလင်းတော့ဖြစ်သင့်တယ်။ ကေအဲန်ပီပီအနေနဲ့ကတော့ ဘယ်လိုပါဝင်မလဲ၊ ဘယ်လိုစီမံမလဲဆိုတဲ့ဟာတော့ ယတိပြတ်ပြောလို့မရသေးဘူး” ဟု ခူးဒယ်နီယာယ်ကပြောသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွကမည့်ပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့အစည်းများ စသည်ဖြင့် Plan ရှိရမည်ဖြစ်ပြီး နောက်ကွယ်က ခိုင်မာသည့် အစိုးရတစ်ရပ်၊ ကိုယ်စားပြုမှုခေါင်းဆောင်ရှိနေရန်လည်းလိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

“သူတို့ကို ဘယ်သူကအုပ်ချုပ်မလဲ။ ဘယ်သူစီမံခန့်ခွဲမလဲ။ ဘယ်သူက Plan ချမလဲဆိုတာက အရေးကြီးတယ်။ ခေါင်းဆောင်မရှိရင်တော့ ဒီထက်ပိုခံရဖို့ရှိတယ်။ သူတို့နောက်ကွယ်မှာက တကယ်ခိုင်မာတဲ့ အစိုးရတစ်ခုမဟုတ်ရင်လည်း ကိုယ်စားပြုမှုခေါင်းဆောင်ရှိနေဖို့လိုတယ်” ဟု  ခူးဒယ်နီယာယ်က သုံးသပ်ပြောကြားသည်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန်၊ မြို့နယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့ ဆက်လက်ဖွဲ့စည်းပြီး တော်လှန်ရေးအား ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်လုပ်ရှားနေလျက်ရှိသည့် ပြည်သူကို အကာကွယ်ပေးရန်၊ NUG,CRPH နှင့် ကရင်နီပြည်နယ်အတွင်းရှိ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အခြားတိုင်းနှင့်ပြည်နယ်နည်းတူ အကြမ်းဖက်စစ်ကောင်စီ ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားရန် စသည့်ဖြင့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...