လူငယ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီးအပြန် စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် လူငယ် ၇၄ ဦး ပြန်လွတ်မြောက်ရေး ညှိ့နှိုင်းနေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ခူးဒယ်နီယာယ်က ပြောသည်။
“ဒီ ဥပဒေကြောင်းအရဆိုရင် ဖမ်းဆီးပိုင်ခွင့် ချုပ်နိုင်ပိုင်ခွင့်မရှိဘူး။ သူတို့ကိုတော့ လွှတ်ရမှာပေါ့။ သတင်းကြားတာကတော့ သတင်းပို့လာတာကတော့ သူတို့စီစစ်နေတယ်ပေါ့နော်။ တချို့ လွှတ်ပေးသင့်တဲ့သူတွေကို လွှတ်ပေးရမှာပေါ့” ဟု ခူးဒယ်နီယာယ်က ပြောသည်။
အဆိုပါလူငယ် ၇၄ ဦးသည် လူငယ်စွမ်းရည်မြှင့်သင်တန်းကို ဖားဆောင်းမြို့နယ်တွင် တက်ရောက်ပြီးစီး၍ အိမ်အပြန် ဖရူဆိုမြို့အဝင်ဂိတ်တွင် ဧပြီ ၃၀ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှ မေ ၉ ရက်တွင် အဆိုပါ ဖမ်းဆီးထားသည့် လူငယ်အားလုံးကို အမြန်ဆုံးလွတ်ပေးရန် ထုတ်ပြန်ထားသည်။
"သက်ဆိုင်ရာအားလုံးက တာဝန်ရှိပါတယ်။ ဖြစ်လာပြီးမှတော့၊ ဒါပေမယ့်လည်း လက်နက်ကိုင်တပ်ဖွဲ့ဆိုရင်တော့ စီမံခန့်ခွဲတတ်ဖို့တော့လိုတာပေါ့" ဟု KSCC မှ ပြောခွင့်ရသူတစ်ဦးကပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ် ၇၄ ဦးထဲက ၆၉ ဦးကို လွိုင်ကော်အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး အသက် ၁၈ နှစ်အောက် လူငယ် ငါးဦးကို အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းမရှိပဲ သီးသန့်ထားကြောင်း မကြာသေးခင်ကထုတ်ပြန်ခဲ့သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Published
Tuesday, May 11, 2021
လူငယ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီးအပြန် ဖမ်းဆီးခံရသည့် လူငယ် ၇၀ ကျာ် ပြန်လွတ်မြောက်ရေး ညှိနှိုင်းဆဲဟု KNPP အတွင်းရေးမှူးပြော