NLD ပါတီဝင် ဦးထွန်းလှိုင် တပ်ထဲတွင်ထိန်းသိမ်းခံထားရဟု မိသားစုဝင်များဆို

NLD ပါတီဝင် ဦးထွန်းလှိုင် တပ်ထဲတွင်ထိန်းသိမ်းခံထားရဟု မိသားစုဝင်များဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့၍ ရှုံးနိမ့်ခဲ့သူ NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းလှိုင်နှင့် ဖမ်းဆီးချိန်မှစ၍ ယနေ့အချိန်ထိ အဆက်အသွယ်မရရှိသေးသော်လည်း စစ်တပ်ထဲတွင် ထိန်းသိမ်းထားရသည်ဟု သိရှိခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်ကြာလှဖြူက ပြောသည်။

“သူ့အခြေအနေကိုတော့ ကျွန်မတို့ တစ်ခုမှ မသိရသေးဘူး။ အဆက်အသွယ်လည်း မရဘူး။ ရဲစခန်းကိုလည်း မရောက်သေးဘူး။ သူကိုထားတာကတော့ စရဖမှာထားတယ်လို့ ရဲစခန်းမှာ အဝတ်အစားတွေသွားပို့တုန်းက သိခဲ့ရတယ်။ မိသားစုနဲ့လည်း မတွေ့ရသေးဘူး။ သူကို စစ်ဆေးစရာတွေရှိလို့ ထိန်းသိမ်းထားတယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။

ဦးထွန်းလှိုင်သည် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၄င်းအား ဧပြီ ၂၉ ရက် ညနေ ၆ နာရီခန့်က ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခဲ့သည်။

“သူက အစားအစာတွေ မှာတယ်ဆိုပြီးတော့ ရဲသားတွေပြောလို့ ကျွန်မတို့ ရဲစခန်းကို သူ့ရဲ့ပုဆိုး၊ အင်္ကျီ၊ မျက်နှာသုတ်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အစားအစာတွေကို ပို့ခဲ့သေးတယ်။ အဲဒီမှာ သိခဲ့ရတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း အဒေါ်တို့ မသိရဘူး” ဟု ဒေါ်ကြာလှဖြူက ပြောသည်။

၄င်းအား ဖမ်းဆီးထားသည်မှာ ရှစ်ရက်အထိ ကြာမြင့်နေပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရသည့်အတွက် စိုးရိမ်မိကြောင်း ဒေါ်ကြာလှဖြူက ဆက်လက်ပြောသည်။

ဦးထွန်းလှိုင်သည် ယခင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ကားဒရိုက်ပါအဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...