ရခိုင်အမျိုးသားပါတီ နိုင်ငံရေး ဘာလဲ ဘယ်လဲ (၁)

ရခိုင်အမျိုးသားပါတီ နိုင်ငံရေး ဘာလဲ ဘယ်လဲ (၁)

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်နားကြောင်း (၅/၅/၂၀၂၁) ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ ANP ပါတီဌာနချုပ်ရုံး သတင်စာရှင်းလင်းပွဲမှာ ပါတီဥက္ကဌက သတင်းမီဒီယာတွေကို ပြောကြားထားတာကို တွေ့ရပါတယ်။

ရပ်နားရတဲ့အကြောင်းအရာကို ပြန်ကြည့်ရင် ANP ပါတီက စစ်ကောင်စီနဲ့ပူးပေါင်းဖို့အတွက် တောင်းဆိုခဲ့တဲ့အချက်တွေကို စစ်ကောင်စီက မလိုက်လျောတာကြောင့်ဖြစ်တယ်လို့ ပါတီဥက္ကဌက ဖြေကြားထားတာကိုတွေ့ရပါတယ်။

ဘာကြောင့် ANP ပါတီအနေနဲ့ နိုင်ငံအာဏာကိုသိမ်းယူခဲ့တဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့သလဲဆိုတာ နိုင်ငံအဝှမ်း အမြင်သဘောထားမျိုးစုံနဲ့ ဝေဖန်မှုများစွာကို တွေ့ရပါတယ်။ လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး သုံးလတာကာလကို ဖြတ်ကျော်ခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်ခြင်းအားဖြင့် ဘယ်လိုမူဝါဒအသစ်တွေ သဘောထားတွေနဲ့ လူထုကို ပြန်လည်ချဉ်းကပ်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တယ်လို့ မြင်ပါတယ်။

စစ်ကောင်စီနဲ့မပူးပေါင်းခင်မှာ ANP ပါတီအနေဖြင့် အောက်ပါအချက်တွေကို တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

(၁) ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကို ပြန်လွှတ်ပေးရန်၊

(၂) ရခိုင်ပြည်နယ်ကောင်စီဥက္ကဌနေရာနဲ့ နောက်ထပ်နှစ်နေရာကို ANP မှ ခန့်အပ်ရန်၊

(၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာအများစုကို ANP မှ ခန့်အပ်နေရာပေးရန်၊

(၄) ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေရဲ့ ပြည်နယ်ကောင်စီနေရာတွေမှာ ANP ပါတီမှ ကိုယ်စားပြုပါဝင်ခွင့်ပြုရန်၊

(၅) ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ပေးရန်၊

(၆) ယခင်အစိုးရက ဖမ်းဆီးထောင်ချထားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊

(၇) ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည် စသည့် ဒေသအသီးသီးရှိ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံထားရသူများ၏ အမှုများကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးရေးတို့ဖြစ်သည်။

အေအင်ပီ (ANP) ဆိုတာဘာလဲ?

ရခိုင်အမျိုးသားပါတီဟာ ရခိုင်တစ်မျိုးသားလုံးတောင်းဆိုချက်ကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ပါတီဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ၂၀၀၈ ခြေ/ဥကို အတည်ပြုပြဌာန်းလိုက်ပြီး ၂၀၁၀ မှာ မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်အောက်မှ ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲဖို့ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်ကိုယ်စားပြုပါဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၁) နေရာ အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဟာ ၂၀၀၈ ခြေဥကို ဆန့်ကျင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတဲ့အတွက် ပါတီမှတ်ပုံတင်ခြင်းကို မပြုလုပ်ခဲ့ကြပါဘူး။

အဲဒီအချိန်မှာ ၂၀၀၈ ခြေဥကို သပိတ်မှောက်နေခြင်းထက် လွှတ်တော်ထဲကနေ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်နိုင်ရန်  ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ကို တခြားသော နိုင်ငံရေးတက်ကြွပုဂ္ဂိုလ်တွေက စတင်တည်ထောင်ခဲ့ကြပါတယ်။ RNDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်တစ်ပြည်လုံး အမတ်အရေအတွက်အများဆုံးနဲ့ အနိုင်ရရှိခဲ့ပြီး ရခိုင်လူထုရဲ့ တခဲနက်ထောက်ခံမှုကို ရရှိခဲ့တာကို တွေ့ရပါတယ်။ RNDP ပါတီနဲ့အတူ လူထုကို စည်းရုံးမှုအလွန်အားကောင်းတဲ့ ဒေါက်တာအေးမောင်က ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး RNDP ပါတီကို ဒေါက်တာအေးမောင်ပါတီလို့ လူသိများလာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကလည်း ပြည်သူ့လွှတ်တော်က ဒု-သမ္မတအဖြစ် လျာထားခံရတဲ့အထိ RNDP နဲ့အတူ အောင်မြင်လာခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်ကိုပြန်လှန်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြန်လည်မှတ်ပုံတင်ခဲ့တာကြောင့် ရခိုင်ဝါရင့်နိုင်ငံရေးသမားကြီး ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ပြန်လည်မှတ်ပုံတင်လာခဲ့ပြီးတဲ့နောက် ရခိုင်လူထု၊ ရဟန်းသံဃာတွေရဲ့ တောင်းဆိုမှုနဲ့ ရခိုင်အချင်းချင်း ပါတီကွဲပြားနေခြင်းထက် တစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာ ရခိုင်တစ်မျိုးသားလုံး စည်းစည်းလုံးလုံးရှိသင့်ကြောင်းကို နှစ်ဘက်ပါတီလူကြီးတွေကိုယ်တိုင် သဘောတူခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သံတွဲညီလာခံကိုပြုလုပ်ကာ ပေါင်းစည်းနိုင်ခဲ့ကြပါတယ်။ အသစ်ပေါ်ပေါက်လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကို RNDP ဥက္ကဌ ပါတီပေါင်းစည်းရေး ဒု-ခေါင်းဆောင် ဒေါက်တာအေးမောင်က ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပါတီတွင်းခေါင်ဆောင်များ သဘောထားကွဲလွဲခဲ့ကြပြီး RNDP အုပ်စုက ဦးဆောင်ကာ ၂၀၁၆ မှာ ALD အုပ်စု ခေါင်းဆောင်ခြောက်ဦးကို ANP ပါတီက ထုတ်ပယ်ခဲ့ကြပါတယ်။ ALD ခေါင်းဆောင်တစ်ချို့ ပါတီကထုတ်ပယ်ခံခဲ့ရပြီးနောက် ၂၀၁၇ မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကို သီးခြားရပ်တည်ရန် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ရခိုင်လူထုရဲ့လိုအပ်ချက်ဖြစ်တဲ့ တစ်ခုတည်းသော နိုင်ငံရေးဦးဆောင်မှု စတင်ပျက်ပြားခဲ့တယ်လို့ ဆိုရမှာပါ။

ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ANP ပါတီဟာ ALD အုပ်စုကို ပါတီကထုတ်ပယ်ခဲ့ပေမယ့်လည်း ပါတီတွင်းသဘောထားကွဲလွဲမှုက ဆက်လက်မြင့်တက်နေခဲ့ကြပြီး ၂၀၁၇ မှာ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကိုယ်တိုင် ANP ပါတီက နှုတ်ထွက်စာတင်ခဲ့ပြီးတဲ့နောက် ရသေ့တောင်မြို့ စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောချက်တချို့ကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ အမာခံနယ်မြေဖြစ်တဲ့ ၂၀၁၇ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရပြီး အစိုးရဖွဲ့စည်းထားနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ အသစ်တစ်ဖန် ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ အစပြုနေပြီဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့ လူထုထောက်ခံမှုအရှိန်အဟုန်နဲ့ တည်ဆောက်ဖို့ကြိုးစားနေတဲ့ အဖရခိုင်ပါတီ (ယခု ရခိုင့်ဦးဆောင်ပါတီ - AFP) က မှတ်ပုံမတင်ရသေးတဲ့အတွက် ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းကို တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိင်စေခဲ့ပြီး ဒေါက်တာအေးမောင်ကို ထောက်ခံအားပေးကြတဲ့ ANP ပါတီဝင်အချို့က ဝန်းရံခဲ့ကြတာကို တွေ့ရပါတယ်။

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲနေရာဟာ ANP ပါတီ (ရသေ့တောင်) မြို့နယ်အတွင်းရေးမှူး ဦးလှမြင့်နေရာဖြစ်ပြီး ANP ပါတီနဲ့ ဒေါက်တာအေးမောင်ရဲ့ အားပြိုင်မှုကို အဆုံးအဖြတ်ပေးတဲ့နေရာလည်းဖြစ်ပါတယ်။ စည်းလုံးမှုပြိုကွဲနေတဲ့ ANP ပါတီဟာ တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်တဲ့ ဒေါက်တာအေးမောင်သားဆီမှာ ရှုံးနိမ့်ခဲ့တာကိုကြည့်ရင် RNDP နဲ့အတူ ကျော်ကြားလာခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီကို ယှဉ်နိုင်တဲ့အထိ ကိုယ်တိုင်ကျော်ကြားရေးဩဇာကို တည်ဆောက်ထားသူဆိုတာ ငြင်းမရပါဘူး။

ရခိုင်ပြည်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ မြန်မာစစ်တပ်တို့ ၂၀၁၈ နှောင်းပိုင်းမှာစတင်လို့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ ရခိုင်လူထုဟာ ပြိုကွဲနေတဲ့ ရခိုင်ပါတီ နိုင်ငံရေးဖက်ကိုထက် ရက္ခိုင့်တပ်တော်ဖက်ကို အာရုံစိုက်ထောက်ခံလာခဲ့ကြတာကို တွေ့ရပါတယ်။ ၂၀၁၉-၂၀၂၀ နှစ်နှစ်အတွင်းမှာတော့ (ULA/AA) ကို ရခိုင်လူထုတစ်ရပ်လုံးက ထောက်ခံအားကိုး သွားကြပြီး ပါတီနိုင်ငံရေးဟာ နိုင်ငံရေးပါဝါ (Zero Level) နားအထိ ရောက်ရှိသွားခဲ့တယ်လို့တောင် ဆိုရမှာပါ။

သို့သော်လည်း ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ထွေထွေရွေးကောက်ပွဲမှာ ရခိုင်တစ်ပြည်လုံးကို နေရာစုံရွေးကောက်ပွဲ မပြုလုပ်ခဲ့ပေမယ့် ပြည်ထောင်စုမှာ စတုတ္ထအဆင့်ထိ ချိတ်ထားနိုင်ခဲ့သလို ရခိုင်ပြည်နယ်မှာလည်း ကိုယ်စားလှယ်နေရာအများစုကို ဆက်လက်ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ပါတီဥက္ကဌ ဒေါတ်တာအေးမောင်နှုတ်ထွက်ခဲ့ပြီးတဲ့နောက် ပါတီအုပ်ချုပ်ရေးမူဝါဒအသစ်ကို ၂၀၁၉ မှာ ပြင်ဆင်ပြဌာန်းခဲ့ကြပါတယ်။ အဲဒီမူဝါဒအသစ်မှာ ပါတီဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ကို တိုက်ရိုက်အုပ်ချုပ်ရေး၊ ဆုံးဖြတ်ပိုင်ခွင့်အာဏာကို ပေးအပ်မထားဘဲ ခုနစ်ဦးပါဝင်တဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီက ကဏ္ဍအသီးသီးကို တာဝန်ယူထားပြီး ဥက္ကဌနဲ့ အတွင်းရေးမှူးကို မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီး ပါတီတာဝန်အားလုံးကို ကိုးဦးပါဝင်တဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီက တာဝန်ယူခဲ့ကြတာကို တွေ့ရပါတယ်။

မူဝါဒရေးရာ ဦးဆောင်ကော်မတီဖွဲ့စည်းပြီးနောက် ပါတီရဲ့ရပ်တည်ချက်အဖြစ် (D.E.F.D) ဆိုပြီး (Democracy /Equality/  Federal /Development) ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ဖယ်ဒရယ်အရေး၊ ဖွံ့ဖြိုးရေး) ဆိုတဲ့ အချက် (၄) ချက်ကို ပါတီရဲ့ရပ်တည်ချက်အဖြစ် ကြေညာခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကတိကဝတ် ထုတ်ပြန်တဲ့အခါမှာတော့ ဒီ (၄) ချက်ကို ဘယ်လိုလုပ်မယ်ဆိုတဲ့ နည်းဗျူဟာတွေ ဘာတစ်ခုမှပါမလာဘဲ ၂၀၀၈ ခြေဥထဲက ပြည်နယ်အစိုးရဖြစ်ရေးကိုဇောင်းပေးပြီး လမ်းခင်း၊ တံတားဆောက်၊ ကျောင်းဆောက် စတဲ့ အစိုးရတစ်ရပ်က မဖြစ်မနေလုပ်ရမယ့် အခြေခံဖွံ့ဖြိုးရေးကတိကဝတ်သာ တွေ့ရပါတယ်။

ဒီကတိကဝတ်ဟာ ၂၀၀၈ ခြေဥထဲက ပြည်နယ်အခြေစိုက် ပါတီတစ်ခုအနေနဲ့ လုပ်ဆောင်ဖို့ အလွန်ခက်ခဲမှာပါ။ ၂၀၀၈ ခြေဥရဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ စစ်တပ်နဲ့၊ ပြည်ထောင်စုအစိုးရမှာသာရှိတဲ့အတွက် ပြည်နယ်အစိုးရဆိုတာလည်း ပြည်ထောင်စုက ခွဲတမ်းမဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရရဲ့ လက်ဝယ်ခံသာဖြစ်ပါတယ်။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရကို ဖွဲ့စည်းဖို့တောင်းဆိုခဲ့တဲ့အပေါ် ပြည်ထောင်စုအစိုးရက ပယ်ချခဲ့တာကြောင့် ၂၀၁၅ ပြည်ထောင်စုအဆင့်အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ANP ပါတီအကြား အကြီးအကျယ် သဘောထားကွဲလွဲမှုတွေရှိခဲ့ကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကြိမ် ရွေးကောက်ပွဲအပြီး ၂၀၂၁ ခု ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူခဲ့တာကြောင့် လူထုဆန္ဒသဘောထားကို ဗဟိုပြုတဲ့ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဒေါ်အေးနုစိန် ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။ အဲဒီ ပူးပေါင်းပါဝင်ရခြင်းနဲ့ပတ်သက်ပြီး (ANP) ပါတီက (၄/၂/၂၀၂၁) ရက်နေ့မှာ လူထုသို့ အစီရင်ခံထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အချက်လေးချက်ကို အစီရင်ခံခဲ့တာကို တွေ့ရပါတယ်။

ဒီအချက်တွေကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီမှာ ပူးပေါင်းပါဝင်မှုကြောင့် ANP ပါတီဟာ လူထုဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီး ပါတီညီလာခံကို မြောက်ဦးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီမှာပါဝင်တဲ့ ဒေါ်အေးနုစိန်ကို စောင့်ကြည့်ဖို့ဆိုပြီး အချက်တစ်ခုကိုတွေ့ရပါတယ်။ ဒါဟာ ပါတီနဲ့မဆိုင်ဘူး (သို့မဟုတ်) ဆိုင်တယ်ဆိုသည့် ဒွိဟဖြစ်စေတဲ့စကားလုံးနဲ့ အသုံးပြုလာတာကိုတွေ့ရပြီး (၂၂/၃/၂၀၂၁) ရက်နေ့မှာ စစ်ကောင်စီနဲ့ပူးပေါင်းဖို့ လူထုသို့ပန်ကြားချက်နဲ့ လုံးဝမတူတဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြပြန်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ (D.E.F.D) မူကို ပြန်လည်အသက်သွင်းလာခဲ့တာကို တွေ့ရပါတယ်။

ANP ဘယ်လမ်းကို ဆက်သွားမလဲ?

နိုင်ငံရေးပါတီတစ်ခုရဲ့အသက်ဟာ ရွေးကောက်ပွဲလည်း အဓိကနေရာက ပါဝင်ပါတယ်။ ရွေးကောက်ပွဲမရှိဘဲ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှုမရှိဘဲ နိုင်ငံရေးပါတီတစ်ခု အသက်မရှင်နိုင်ပါဘူး။ မရပ်တည်နိုင်ပါဘူး။ ဆိုတော့ ANP ပါတီဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပါဝင်လိုက်တဲ့အတွက် ၎င်းကို ထောက်ခံခဲ့ကြသူတွေကိုရော ရခိုင်ပြည်ကိုပါ စစ်တပ်နဲ့အတူ ဒီမိုကရေစီအခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ ANP ပါတီရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ တန်းတူအရေးဆိုတာ အာဏာရှင်စနစ်မှာ မရှိပါဘူး။ ရှိရင်လည်း ပါတီမလိုအပ်ပါဘူး။

နိုင်ငံတော်ကောင်စီကို တောင်းဆိုခဲ့တဲ့ အချက်ခုနစ်ချက်ဖြစ်စေ၊ လူထုသို့အစီရင်ခံစာမှာပါတဲ့ အချက်လေးချက်လုံးဟာ ပါတီတစ်ခုက တောင်းဆိုလို့လည်းမရသလို ပါတီတစ်ခုအနေနဲ့ ဒီအချက်တွေကိုတောင်းဆိုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းမယ်ဆိုတဲ့ နိုင်ငံရေးအယူအဆဟာ ပါတီတစ်ခုရဲ့ လာရာလမ်းကို သစ္စာဖောက်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို လွှတ်ပေးရန် တောင်းဆိုခဲ့တဲ့အချက်ဟာ ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုအနေနဲ့ အာဏာသိမ်းထားတဲ့စစ်တပ်ကို တောင်းဆိုတာကိုက နိုင်ငံရေးမဟုတ်ပါဘူး။ ဒါဟာ သဘောတရားအားဖြင့် ပုဂ္ဂိုလ်ရေးကျော်ကြားမှုကို နိုင်ငံရေးပါတီက လှိုင်းတက်စီးခြင်းသာဖြစ်ပါတယ်။

နောက်တစ်ချက်က "အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းကနေ ပယ်ဖျက်ပေးရန်" ဆိုတဲ့ တောင်းဆိုချက်ကို တောင်းဆိုတာကိုတွေ့ရပြီး လူထုတချို့ကလည်း ထောက်ခံခဲ့ကြတာကိုတွေ့ရပါတယ်။ ဒါဟာ ANP ပါတီအနေနဲ့ အလဲအလှယ်လုပ်စရာကိစ္စမဟုတ်ဘူးလို့ မြင်ပါတယ်။ နိုင်ငံရေးမှာ လက်နက်ကိုင်တော်လှန်ရေးဟာ အမြင့်ဆုံးနိုင်ငံရေးဖြစ်ပါတယ်။ ပါတီနိုင်ငံရေးလို ရွေးကောက်ပွဲဝင် လွှတ်တော်တက်၊ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က မဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က နိုင်ငံရေးပါတီတစ်ခုလို မူအားဖြင့်ရော၊ လုပ်ဆောင်ချက်တွေအရပါ တစ်ခုမှတူလို့မရပါဘူး။

ရက္ခိုင့်တပ်တော်တပ်မှူးချုပ်၏ အင်တာဗျူးတစ်ခုမှာ "ကျနော်တို့မှာ တရားလည်းရှိတယ်၊ ဓါးလည်းရှိတယ်" ဆိုပြီး ပြောထားတာကို လူတိုင်းမှတ်မိကြမှာပါ။ ဒီစကားကိုကြည့်ခြင်းအားဖြင့် AA က ဘာကိုပြောချင်တာလဲဆိုတာ သိကြမှာပါ။ ဒါဟာ AA ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ ANP ပါတီအနေနဲ့ AA အတွက် စိုးရိမ်ပူပန်ပြလိုက်ခြင်းဟာ သူ့လုပ်ရပ်အတွက် လူထုကို ပျားရည်နဲ့ဝမ်းချရုံထက်မပိုဘူးလို့ မြင်ပါတယ်။ AA ဟာ လက်ရှိ တည်ဆဲဖွဲ့စည်းပုံကိုလည်း နာခံမှာမဟုတ်သလို ဖွဲ့စည်းပုံကပေးအပ်တဲ့ အပြစ်ကိုရော ဆုကြေးကိုရော ဂရုစိုက်မှာမဟုတ်ပါဘူး။ ကျနော်ပြောချင်တာက (ULA/ AA) မှာ ပြတ်သားတဲ့ နိုင်ငံရေးခံယူချက်ရှိပြီးသားဖြစ်သလို စစ်လည်းတိုက်နိုင်တယ်၊ ငြိမ်းချမ်းစွာ စကားပြောချင်ရင်လည်း ရတယ်ဆိုတာကို ထောက်ပြပြောချင်တာပါ။

လက်ရှိ ANP ပါတီအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းခဲ့တဲ့ကာလအတွင်း ဆန့်ကျင်လှုပ်ရှားနေတဲ့ လူပေါင်းရှစ်ရာကျော်ကို အသေသတ်ခဲ့ပြီး သုံးထောင်ကျော် ဖမ်းဆီးခံထားရပြီလည်းဖြစ်ပါတယ်။ ANP အနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းတော့ဘူးလို့ ဘယ်လောက်ပင်ဆုံးဖြတ်ပါစေ။ ရခိုင်အမျိုးသားပါတီဟာ ပါတီက လူထုကိုချပြခဲ့တဲ့ မူဝါဒတွေကို ချိုးဖောက်ရုံသာမက တစ်နိုင်ငံလုံး လိုလားတောင့်တနေတဲ့ ဒိမိုကရေစီအခွင့်အရေးတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာအပြင် သမိုင်းတရားခံစာရင်းထဲမှာ ပါဝင်ပြီးသားဖြစ်တယ်လို့ စာရေးသူအနေနဲ့ သုံးသပ်ပါတယ်။ ဒီမိုကရေစီအရ ပြည်နယ်အစိုးရဖွဲ့ခွင့်ကို တောင်းဆိုခဲ့တာဟာ တရားမျှတမှုရှိသလို ပါတီကိုထောက်ခံတဲ့လူထုကိုလည်း တိုက်ရိုက်ကိုယ်စားပြုပါတယ်။

သို့သော်လည်း ခိုင်လုံလက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်မရှိဘဲနဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ်နဲ့ ပူးပေါင်းလိုက်ခြင်းဟာ လူထုကိုယ်စားပြုမှုကို မျက်ကွယ်ပြုလိုက်သလို ဒီမိုကရေစီနဲ့ တရားမျှတမှုကို အဆိပ်ခတ်လိုက်ခြင်းဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ အခုအချိန်မှာ ANP ပါတီအနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ခြင်းအားဖြင့်လည်း ANP ပါတီဟာ နိုင်ငံရေးဂုဏ်သိက္ခာအရရော ရပ်တည်ချက်တွေအရပါ လူထုကြားထဲက ယုံကြည်မှုကို သေဆုံးစေခဲ့ပြီလို့ပဲ မြင်မိပါတယ်။

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...