ပညာရေးစနစ်ကို အောက်ဆုံးအထိကျသွားအောင်ပြုလုပ်သည့် စစ်တပ်၏အာဏာသိမ်းမှုကို လုံးဝဆန့်ကျင်သွားမည်ဟု ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာတွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်သပိတ် ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်ထုများက ထုတ်ဖော်ပြောကြားလိုက်သည်။
"သူတို့ နောက်တစ်ခါ အာဏာထပ်သိမ်းတယ်။ သူတို့ စသိမ်းတဲ့အချိန် သူတို့ပြောတယ်။ ဘာပညာရေးလဲ။ သူများတွေထက် အဆင့်မြင့်မယ့်ပညာရေးလို့ပြောတယ်။ ကျွန်တော့်အဖေသည် ဦးဘဖြစ်သည်။ ကျွန်တော့်အမေသည် ဒေါ်လှဖြစ်သည် ဆိုတဲ့ပညာရေးကို ကျွန်တော်တို့ ပြန်မသွားချင်တော့ဘူး။ ကိုယ့်အဖေကိုယ် အမှန်တိုင်းရေးချင်တယ်။ ကိုယ့်မိဘနာမည် ကိုယ်အမှန်တိုင်းရေးချင်တယ်။ သူတို့ပေးထားတဲ့အတိုင်း ပြန်ရေးတဲ့ခေတ်ကို ပြန်မရောက်ချင်တော့ဘူး" ဟု ကျောင်းသားတစ်ဦးကပြောသည်။
ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာတွင် မေ ၄ ရက်က သပိတ်ပြုလုပ်ခဲ့ပြီး လူအင်အားထောင်ချီပါဝင်ခဲ့သည်။
အာဏာသိမ်းသည့်အတွက် လူငယ်၏အနာဂတ်ပျောက်သွားပြီး တိုင်းပြည်မတိုးတက်နိုင်ဘူးလို့ သပိတ်တွင်ပါဝင်သည့် ဆရာတစ်ဦးကပြောသည်။
“မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်သွားမယ်ဆိုရင် ကျနော်ပြောရဲတယ်။ ၁၉၆၂ ကတည်းက ကျနော်တို့နိုင်ငံဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ထက် အဆပေါင်းများစွာ တိုးတက်နေလောက်ပြီဆိုတာ ကျနော်ရဲရဲကြီးပြောရဲပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်ပြုလုပ်သည်မှာ ရက်ပေါင်း ၉၀ ရှိပြီဖြစ်ပြီး ပြည်သူများ၊ ဌာနဆိုင်ရာအသီးသီးနှင့် ကျောင်းသားများလည်း ပါဝင်လျက်ရှိသည်။
အာဏာသိမ်းစစ်တပ်က ဇွန်လတွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းနှင့် ကျောင်းသားများကို ကျောင်းပြန်တက်ရန် ဖိအားပေးလျက်ရှိကြောင်း သိရသည်။