မွန်ပြည်နယ် မြို့အဝင်/အထွက်များ စစ်ဆေးမှုတင်းကျပ်

မွန်ပြည်နယ် မြို့အဝင်/အထွက်များ စစ်ဆေးမှုတင်းကျပ်

မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့တို့တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် အာဏာသိမ်းစစ်တပ်ဘက်က မြို့အဝင်/အထွက်များတွင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်၊ ပေါင်၊ သထုံမြို့နယ်များအတွင်း သေနတ်ပစ်ခတ်မှုများ၊ ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် မြို့အဝင်/အထွက်တို့တွင် အာဏာသိမ်းစစ်ကောင်စီ ပြည်သူများကို စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံမျာက ပြောသည်။

မော်လမြိုင်မြို့က ဒေသခံတစ်ဦးက “ပေါက်ကွဲမှုတွေဖြစ်တယ်။ ဗုံးတွေ့တယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့နောက်မှာ အစစ်အဆေးတွေ ပိုများလာတယ်။ အခုဆိုရင် မြို့အနှံ့ပဲ စစ်ဆေးမှုတွေ လုပ်ဆောင်လာတယ်။ အရင်က လမ်းဆုံလမ်းခွလိုနေရာတွေပဲ စစ်တာ။ အခုက အဲ့လိုမျိုး မဟုတ်တော့ဘူး။ နေရာတော်တော်များများမှာ စစ်တယ်။ ဆိုင်ကယ်ရော၊ ကားတွေရော၊ ဖုန်းတွေလည်း စစ်တယ်” ဟု ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နှင့် သထုံမြို့ရှိ မြို့ပေါ်ရပ်ကွက်တို့တွင် ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီကျော်အချိန်ခန့်က သေနတ်ပစ်ဖောက်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

“ည ၈ နာရီနောက်ပိုင်းမှာ ကြားရတာပါ။ သေနတ်သံ သုံးလေးကြိမ်ပေါ့၊ ဘာကိုပစ်တယ်ဆိုတာတော့ မသိဘူး။ အသံတော့ ကြားရတယ်။ ညဆို ကျနော်တို့ဆီမှာက စစ်တပ်နဲ့ ရဲတွေက ကင်းလှည့်တာတို့၊ အိမ်တွေလိုက်စစ်တာတို့လုပ်တယ်။ အဲ့အချိန်မှာဖြစ်တာပဲ” ဟု ပေါင်မြို့က ဒေသခံတစ်ဦးက ပြောသည်။

သထုံဒေသခံတစ်ဦးက “ဒီမှာလည်း မော်လမြိုင်လိုပါပဲ။ နေ့ရောညရော စစ်တယ်၊ ပြည်သူတွေ လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်နော် အကုန်ဖွင့်ရတယ်၊ ဖုန်းစစ်တယ်။ ကားတွေလည်း အဲ့လိုပဲစစ်တာပဲ။ ညဆိုလည်း ခနခနပဲ သေနတ်သံကကြားနေရတာ။ ကားသံ ဆိုင်ကယ်သံတွေ ညမှာကြားရပြီဆို သထိထားတော့၊ ခနနေဆို ဆဲသံရော သေနတ်သံရော ထပ်ကြားပြီ” ဟု ပြောသည်။

ဧပြီ ၂၉ ရက် (ယမန်နေ့) ကလည်း မော်လမြိုင်မြို့ရှိ ကမ္ဘာဇဘဏ် (KBZ) တွင် ပြည်သူများငွေထုတ်ရန် တန်းစီစောင့်ဆိုင်းနေစဉ် လုံခြုံရေးယူထားသည့်ရဲတစ်ဦးက သေနတ်ပစ်ဖောက်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

“ဒီလိုပဲ စစ်တပ်နဲ့ရဲတွေက ပစ်ချင်တိုင်းပစ်တယ်။ အိမ်တွေကို ဝင်ချင်တိုင်းဝင်၊ လူတွေကိုလည်း ဖမ်းချင်တိုင်းဖမ်းနေတာ။ ပြီးရင် ဘယ်သူက ပစ်တာပါဆိုပြီး သူတို့က အဲ့လူကိုရှာတယ်၊ ဖမ်းတယ်နော် အဲ့လိုမျိုး လုပ်ချင်တိုင်းလုပ်တယ်။ ကျမတို့ပြည်သူက ဘယ်လိုလုပ်ပြီးပစ်မှာလဲ၊ သူတို့ပဲ ပစ်တယ်လို့ အားလုံးက အဲ့လိုပဲထင်ကြတာ ဒီမှာကနော်။ အဲ့လို သေနတ်သံကြားပြီဆိုတာနဲ့ ဘယ်သူထပ်အဖမ်းခံရမလဲပဲ စိုးရိမ်နေရတာ” မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယခုခါ စစ်ဆေးမှုကို နေ့ခင်ပိုင်းအပြင် ညဦးပိုင်း ၈ နာရီမထိုးခင်အချိန်တိုတွင်လည်း မြို့အနှံ့ နေ့စဉ်၊ ညစဉ် လုပ်ဆောင်နေပြီး ပြည်သူများအနေဖြင့် အသွားအလာ သတိထားနေရသည်ကြောင်း၊ လုံခြုံမှုလည်း ကင်းမဲ့လာသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့ လုံခြုံရေးအတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက မြို့အနှံ့ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေသည့်အပြင် မြို့တစ်ခုလုံးကိုလည်း CCTV များတပ်ဆင်ရန် စီစဉ်နေသည်ဟု သိရသည်။

မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လုံခြုံရေး တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများက နည်းမျိုးစုံဖြင့် စစ်အာဏာရှင်ကျဆုံးရေး နေ့စဉ် ဆန့်ကျင်ဆန္ဒပြနေကြသည်။

ပြည်နယ်အတွင်းက စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတို့က လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာနေပြီး အများစုက ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မွန်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ပြသည့် ပြည်သူများအား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုတို့ကြောင့် ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဖမ်းဆီးတရားစွဲဆိုခံထားရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...