ဗန်းမော်ခရိုင်စစ်ရှောင်များအတွက် အစားအသောက်နှင့်အသုံးအဆောင် လိုအပ်နေဆဲ

ဗန်းမော်ခရိုင်စစ်ရှောင်များအတွက် အစားအသောက်နှင့်အသုံးအဆောင် လိုအပ်နေဆဲ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကျေးရွာခုနစ်ခုမှ စစ်ရှောင်ပြည်သူများ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

 

ဗန်းမော် - လိုင်ဇာ ကားလမ်းမကြီးပေါ်က အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲကြောင့် ဒေသခံများက မိုးမောက်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးခိုလှုံလျက်ရှိသည်။

 

မိုးမောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရာကျောင်းဝင်းတွင် တိမ်းရှောင်လာသည့် စစ်ရှောင်များ ဧပြီလ ၃၀ ရက်နေ့အထိ လူဦးရေ ၈၀၀ ကျော်ရှိသွားပြီး ၎င်းတို့အတွက် အကူအညီများ ဆက်လက်လိုအပ်နေသည်ဟု စစ်ရှောင်တာဝန်ခံတစ်ဦးထံမှ သိရသည်။

 

“သူတို့လည်း တစ်ခါတည်း ရောက်လာတယ်ဆိုတော့ ဘာမှပြင်ဆင်ထားတာမဟုတ်ဘူးလေ။ သူတို့အတွက် နေရာအဆင်ပြေအောင် ပွဲမှာခင်းပေးသလိုပေါ့။ မိုးကာတဲထိုးပေးတယ်။ စစ်ရှောင်လာတဲ့လူဦးရေလည်း များလာတော့ အစားအသောက်တွေလည်း တတ်နိုင်သလောက်လုပ်ပေးတယ်”ဟု ၎င်းကပြောသည်။

 

ထို့ပြင် မိုးမောက်မြို့နယ်တစ်လျှောက်ရှိ မြို့သစ်၊ ကုန်းလောနှင့် စီဟတ်ကျေးရွာတို့တွင် ဧပြီ ၃၀ ရက်အထိ  တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြးီ အာဏာသိမ်းစစ်တပ်မှ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သောကြောင့် ဒေါ့ဖုန်းယာန်နှင့် မိုင်ဆပ်ကောင့် ကျေးရွာနှစ်ခုမှ အိမ်ထောင်စု ၁၀ စု ထပ်မံ ထွက်ပြေးခိုလှုံလာကြောင်း သိရသည်။

 

တိုက်ပွဲကြောင့် မိုးမောက်မြို့နယ်အတွင်းကျေးရွာများမှ ထွက်ပြေးလာသူ ဧပြီလ ၃၀ ရက်နေ့အထိ ခန့်မှန်းလူဦးရေ ၅ ထောင်နဲ့ တစ်သောင်းကြားရှိသွားပြီဖြစ်ကြောင်း မြို့တွင်းစစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

 

မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးအိမ်အတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူတစ်ချို့တွင် အစားအသောက်အခက်အခဲများ ကြုံတွေ့နေရသောကြောင့် ရေရှည်တွင် ပိုမိုခက်ခဲလာနိုင်ကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။

 

“ဒီ လူဦးရေများပြီး လူသိများတဲ့ စစ်ရှောင်စခန်းတွေမှာက အကူအညီတွေ အနည်းအများရနေကြသေးတယ်။ မြို့ပေါ်ထဲမှာ လူမသိသေးတဲ့ စစ်ရှောင်တွေအများကြီးရှိသေးတယ်။ သူတို့အတွက် ရေရှည်မှာပိုပြီး ခက်ခဲလာမယ်လို့ထင်တယ်” ဟု ၎င်းကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...