ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် PSI စလောင်းတပ်ဆင်ထားသူများ အမြန်ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု အာဏာသိမ်းစစ်ကောင်စီက အော်လံဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း နမ္မတီးဒေသခံများ ပြောသည်။
ဧပြီ ၂၇ ရက်ည ၉ နာရီခန့်က နမ္မတီးအုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့များက မြို့လမ်းမအတိုင်း အော်လံဖြင့် လိုက်လံခြိမ်းခြောက်ခဲ့ကြောင်း နမ္မတီး-လမ်းခွကျေးရွာတွင်နေထိုင်သော ပြည်သူတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။
“သူတို့က တရားမဝင်တဲ့ ထိုင်း PSI စလောင်းတွေကို အသုံးပြုနေတာတွေ ဖြုတ်သိမ်းပေးဖို့ အော်လံနဲ့လိုက်ပြောတယ်။ တရားဥပဒေနဲ့ အရေးယူမယ်တဲ့” ဟု ၎င်းကပြောသည်။
PSI စလောင်းများ အသုံးမပြုရန်အပြင် သတ်မှတ်ထားသည့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန်နှင့် မိမိအိမ်တွင် လက်နက်များရှိပါက လာရောက်အပ်နှံရန် စသည့်အချက်တို့ကို အော်လံဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လကလည်း နမ္မတီးမြို့ ကံလှကျေးရွာတွင် PSI စလောင်းတပ်ဆင်ထားသူများကို ဒဏ်ကြေး ၂၀၀၀၀ ပေးဆောင်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက လိုက်လံသတိပေးခဲ့ဖူးကြောင်း ဒေသခံများပြောသည်။
အာဏာသိမ်းစစ်တပ်က မိုဘိုင်းအင်တာနက်လိုင်းနှင့် Broadband အင်တာနက်လိုင်းများကို ပိတ်ထားပြီး တစ်နိုင်ငံလုံးကို သတင်းအမှောင်ချထားချိန် ပြည်သူများက PSI စလောင်းမှတင်ဆင့် အင်တာနက်မလိုဘဲ DVB နှင့် Mizzima ရုပ်သံများကို ကြည့်ရှုခွင့်ရရှိနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ကချင်သတင်းဌာန (Kachin News Group) နှင့် BNI တို့ ပူးပေါင်းတင်ဆက်သော အပတ်စဉ် ကချင် (ဂျိန့်ဖော့) ဘာသာဖြင့် Ethnic Language TV အစီစဉ်ကိုလည်း စနေနေ့တွင် DVB ရုပ်သံလိုင်းမှ အင်တာနက်လိုင်းမလိုဘဲ ထုတ်လွင့်လျက်ရှိသည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်မှုကြောင့် အများပြည်သူများက PSI စလောင်းမှတဆင့်သာ သတင်းများကို ကြည့်ရှုခွင့်ရနေခြင်းဖြစ်သည်။
ထို့ကြောင့် ယင်းလုပ်ရပ်အပေါ် မခံနိုင်သည့် နမ္မတီးဒေသခံများက ဧပြီ ၂၈ ရက်တွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။