ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု လေးကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်တွင် ဧပြီ ၂၈ ရက် နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်က မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့၌ ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
"ဒီမနက် ၈ နာရီခွဲလောက်မှာဟုတ်တယ်။ စုပေါင်းရုံးရှေ့မှာ ဟုတ်တယ်တဲ့။ အသံတအားကျယ်တယ်။ မြေကြီးတောင်ခါတယ်။ ဒီချိန်မှာက ဘယ်သူလုပ်တယ်ဆိုတာက ခွဲခြားပြီးပြောဖို့ အရမ်းခက်ခဲနေတယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့တွင်း ဗုံးပေါက်ကွဲမူ ဆက်တိုက်ဖြစ်နေတယ်" ဟု ပြောဆိုသည်။
အလားတူ ဧပြီ ၂၅ နှင့် ၂၆ ရက်ကလည်း ဗန်းမော်လေယာဉ်ကွင်းအနီးတွင် စုစုပေါင်း သုံးကြိမ်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောသည်။
ဗန်မော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
Published
Friday, April 30, 2021
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲ