နယူးဒေလီရောက် ချင်းဒုက္ခသည်တစ်ရာနီးပါး ကိုဗစ်ရောဂါကူးစက်ခံရဟုဆို

နယူးဒေလီရောက် ချင်းဒုက္ခသည်တစ်ရာနီးပါး ကိုဗစ်ရောဂါကူးစက်ခံရဟုဆို

အိန္ဒိယနိုင်ငံတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အရှိန်အဟုန် မြင့်တက်လာသည်နဲ့အမျှ နယူးဒေလီရောက် ချင်းဒုက္ခသည်များကြားတွင်လည်း အဆိုပါရောဂါပိုးကူးစက်မှု တစ်ရာနီးပါးရှိလာကြောင်း သိရသည်။ 

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်နေထိုင်ကြသော ချင်းဒုက္ခသည် အယောက်တစ်ရာနီးပါး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိပြီလို့ နယူးဒေလီဒုက္ခသည်အရေး လှုပ်ရှားသူလည်းဖြစ် လူ့အခွင့်အရေးတာဝန်ခံ Salai Cung Dawt က ပြောသည်။ 

 

“ကျွန်တော်တို့ ချင်းတွေထဲမှာ ရောဂါပိုးရှိတဲ့သူ အတော်လေးများနေပြီ။ တချို့က ရောဂါပိုးရှိတာ ပြောရမှာ ကြောက်နေကြတယ်။ ဒါကြောင့် တိတိကျကျတော့ မသိနိုင်သေးပေမယ့် အယောက်တစ်ရာနီးပါးရှိနေပြီ။ အဲဒီထဲမှာ တစ်ယောက်ကတော့ ကိုဗစ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းကဘဲ ဆုံးသွားတယ်။ Serious ဖြစ်တဲ့သူ အနည်းငယ်ရှိတယ်” လို့ ၎င်းကပြောသည်။ 

 

အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း နေ့စဉ်နဲ့အမျှ သိန်းချီမြင့်တက်လာပြီးနောက် ဆေးရုံဆေးခန်းများတွင် ကုတင်များမလုံလောက်ခြင်း၊ လိုအပ်သည့် ဆေးဝါး၊ အောက်စီဂျင်များ မလုံလောက်ခြင်းကြောင့် မိမိနေအိမ်များတွင် အဆင်ပြေသလို ကုသမှုခံယူနေကြရကြောင်း Salai Cung Dawt က ဆက်လက်ပြောသည်။  

 

“ကျွန်တာ်တို့ သိတဲ့အတိုင်းဘဲ ခုချိန်မှာ အိန္ဒိယမှာက ကိုဗစ်ပိုးတွေ့လူနာ အရမ်းများတယ်။ ဆေးရုံမှာလည်း ကုတင်မလောက်ဘူး၊ မဆံ့ဘူးဖြစ်နေတယ်။ ကုသတဲ့ဆေးဝါးအပြင် အောက်စီဂျင်ကအစ လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် ဆေးရုံဆေးခန်းတွေမှာ နေရာမရတဲ့သူတွေများတယ်။ ဒါကြောင့် အိမ်မှာဘဲ အဆင်ပြေသလို ကုသနေကြရတယ်” ဟု ၎င်ကပြောသည်။  

 

အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လာသောကြောင့် နေရာတော်တော်များများတွင် lockdown ချထားမှုများရှိနေသည့်အတွက် ချင်းဒုက္ခသည်များ စားဝတ်နေရေးအခက်အခဲ တွေ့ကြုံနေကြရကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကိုလည်း refugee card နဲ့ ယူလို့မရသောကြောင့် အခက်အခဲများစွာ တွေ့ကြုံနေကြရသည်။ 

 

အလားတူ လက်ရှိ မြန်မာနိုင်ငံပြည်တွင်းအရေးနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀ ယောက်ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

 

အိန္ဒိယနိုင်ငံတွင် ငါးရက်ဆက်တိုက် ကိုဗစ်လူနာသစ် သုံးသိန်းခွဲကျော်တွေ့ရှိပြီး နေ့စဉ်နဲ့အမျှ သေဆုံးသူ နှစ်ထောင်ကျော်ရှိနေသည့်အတွက် ပြည်ပနိုင်ငံအများအပြားက လိုအပ်သောအရာများ လာရောက်ကူညီပေးသွားမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...