ဒီမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို ဒီမော့ဆိုမြို့၊ နောင်ပုလဲကျေးရွာအုပ်စု၊ ဆိုဘောသဲကျေးရွာတွင် ဧပြီ ၂၆ ရက်က လူအင်အားထောင်ချီဖြင့် ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်ဆန့်ကျင်သည့်သပိတ်သည် ရက်ပေါင်း ၈၀ ကျော်ရှိနေပြီး စစ်တပ်နှင့်ရဲမှ အကြမ်းဖက်မဖြိုခွင်းခင် ပြည်နယ်လုံးကျွတ်သပိတ်ကို လွိုင်ကော်မြို့တွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် မြို့နယ်လုံးကျွတ်သပိတ်ကိုသာ မြို့နယ်အလိုက် ဆက်လက်ပြုလုပ်လျက်ရှိသည်။
ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို နှစ်ရက်တစ်ကြိမ် မတူညီသည့်နေရာတွင် ပြုလုပ်လျက်ရှိပြီး ပြည်သူလူထုနှင့်အတူ CDM ပြုလုပ်သည့် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများလည်း ပူးပေါင်းပါဝင်နေကြောင်း သိရသည်။
သပိတ်စစ်ကြောင်းတိုင်းပါဝင်နေပြီး တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သပိတ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။
"ကျမတို့ရဲ့ သင်ကြားရေး ဘောဂဗေဒဘာသာရပ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ရှားပါးတဲ့ ပစ္စည်းအရာမှန်သမျှ တန်ဖိုးရှိတတ်ကြတယ်။ တန်ဖိုးရှိတဲ့ အရာမှန်သမျှ ရှားပါးကြတယ်ဆိုတာ ဘောဂဗေဒဘာသာရပ်ထဲမှာ ပါပြီးသား ဒါကြောင့်မလို့ ဒီတော်လှန်ရေးမှာဆိုလို့ရှိရင် တန်ဖိုးမရှိဘဲနဲ့ ရှားပါးတဲ့ပစ္စည်းမဟုတ်ဘဲနဲ့ ကျမတို့ လိုချင်ကြတာမဟုတ်ဘူး။ အခုခါကျတော့ တန်ဖိုးရှိတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျမတို့ရဲ့ တော်လှန်ရေး ကာလဟာဆိုလို့ရှိရင် ကြာမှာပဲ။ ကြာချင်သလောက် ကြာပါလေ့စေ။ ကျမတို့ရင်ထဲမှာက တစ်ခုတည်းသောရှိတယ်။ တော်လှန်ရေး အောင်မြင်ဖို့အတွက်ပဲ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။
တော်လှန်ရေးအောင်မြင်ရန်အတွက် စုပေါင်းအင်အားဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သပိတ်ပါဝင်သူတစ်ဦးက ပြောသည်။
"ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်နိုင်ဖို့ရန်အတွက် ကျမတို့ စုပေါင်းအင်အားနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုလို့ရှိရင် မကြာခင်မှာ ကျမတို့ နွေဦးတော်လှန်ရေး အောင်မြင်တော့မယ်ဖြစ်တဲ့အတွက် ကျမတို့ ယုံကြည်ပါတယ်" ဟု ၎င်းကပြောသည်။
လွိုင်ကော်မြို့တွင် နေ့စဉ်ပြုလုပ်လျက်ရှိသည့် သပိတ်စစ်ကြောင်း ဖြိုခွဲမှုရှိသော်လည်း ရပ်ကွက်၊ ကျေးရွာအလိုက် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့်လုပ်ရှားမှုကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်လုပ်ရှားသည့်သပိတ် ပြုလုပ်ရာတွင် လွိုင်ကော်မြို့နှင့် ဖရူဆိုမြို့ကို စစ်တပ်နှင့်ရဲများမှ လာရောက်ဖြိုခွင်းမှုရှိသော်လည်း ဒီမော့ဆိုမြို့၌ပြုလုပ်သည့်သပိတ် ဖြိုခွင်းခံရမှုမရှိပေ။
ကယားပြည်နယ် လွိုင်ကော်မြို့ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်တွင် စစ်တပ်နှင့်ရဲအများအပြားမှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဧပြီလ ၂၇ ရက်နေ့အထိ ကျဆုံးသူ သုံးဦးရှိပြီး ဖမ်းဆီးခံရမှုလည်းရှိခဲ့သည်။
Published
Wednesday, April 28, 2021
ဒီမော့ဆိုမြို့နယ်လုံးကျွတ်သပိတ် ငြိမ်းချမ်းစွာဆက်လက်ပြုလုပ်