မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာ စသည့်ကျေးရွာအနီး စစ်ကောင်စီတပ်များနှင် ကချင်လက်နက်ကိုင်တို့၏ တိုက်ပွဲကြောင့် ဗန်းမော်မြို့ပေါ်ကို စစ်ရှောင်လာခဲ့သူများကို ကျားနီပါတီ (TNDP) နှင့် ရှမ်းနီစာ/ယဉ်အဖွဲ့များက ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တိမ်းရှောင်လာကြသည့် ရှမ်းတိုင်းရင်းသား တစ်ထောင်နီးပါးခန့်ရှိပြီး သိမ်မဟာကျောင်း၊ သိမ်မဟာမိုးကုတ်ရိပ်သာ၊ ရွှေကျီးနား ကဇာတ်ရုံ၊ ပရဟိတကျောင်းတို့တွင် ခိုလှုံလျက်ရှိပြီး လတ်တလောတွင် ၎င်းတို့၏ စားသောက်ရေးအတွက် ကူညီမှုများကို အဓိကထား ပံ့ပိုးကူညီပေးနေကြောင်းသိရသည်။
“နေရပ်ပြန်ဖို့က သူတို့ပြန်ချင်တယ်။ တိုက်ပွဲမဖြစ်တာကတော့ သုံးရက်လောက်ရှိပြီ၊ အခုက ဘာဖြစ်နေလဲဆိုတော့ ရွာတွေမှာ စစ်ကြောင်းတွေက ဝင်ပြီးနေတဲ့အခါကျတော့ တစ်ဖက်က လာလာပစ်တယ်။ ကြားက ရွာသားတွေက ဒုက္ခဖြစ်ရတာပေါ့” ဟု ဗန်းမော်မြို့နယ် ကျားနီပါတီမှ ဦးစိုင်းတင်အောင်ကပြောသည်။
ဧပြီလ ၁၁ ရက်နေ့ကစပြီး KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် မြို့သစ်၊ မင်းကျမ်း၊ စီဟက်၊ ပန်ဟိုင်းချို၊ နောင်ကုန်၊ နောင်ကွမ် စသည့် ကျေးရွာများက တည်ငြိမ်အေးချမ်းမှုရှိသည့် ဗန်းမော်မြို့နယ်ကို ထွက်ပြေးတိမ်ရှောင်လာခဲ့ကြရာ ရှမ်းနီအသံက ပြုစုထားသည့်စာရင်းအရ ဧပြီ ၁၂ ရက်မှ ဧပြီ ၂၃ ရက်ထိ ရှမ်းတိုင်းရင်းသားစစ်ဘေးရှောင် နှစ်ထောင်ကျော်ရှိသည်။
အဆိုပါစစ်ပွဲများကြောင့် ရှမ်းတိုင်ူရင်းသားများနည်းတူ ကချင်တိုင်းရင်းသားများလဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ကချင်တိုင်းရင်းသားများသည် KBC ဘုရားကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသည်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် အဆိုပါ မိုးမောက်မြို့နယ်တွင် နယ်မြေအချို့ကို တည်ငြိမ်အေးချမ်းလာသဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့သည့် နေမြေများရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို လစ်လျှူရှု့ကာ စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားလတ်နက်ကိုင်ူနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှုများမြင့်တက်လျက်ရှိသည်။