CDM တွင်ပါ၀င်သောကြောင့် မိုးညှင်းမြိူ့ မြန်မာ့မီးရထားစက်ရုံ စက်မှု၀န်ထမ်း ၄၉ ဦးကို အလုပ်တာ၀န်များမှ ယာယီရပ်ဆိုင်းကြောင်း ဧပြီ ၂၀ ရက်နက မြန်မာ့မီးရထား စက်မှုနှင်လှုပ်စစ်အင်ဂျင်နီယာဌာနမှ ထုတ်ပြန်ထားသည်။
“၂၀ ရက်နေ့က ထုတ်ပြန်တယ် မနေ့ကမှ ကျွန်တော်တို့သိရတယ်။ ရပ်နားခံရတာတော့ အကုန်လုံးပဲ။ မိုးညှင်း စက်မှု/သွားလာ၀န်ထမ်း ၅၀ ရှိတယ်။ CDM လုပ်ကြောင်း လက်မှတ်ထိုးတင်ထားတာတော့ အယောက် ၅၀ လုံးတင်တာပဲ တစ်ယောက်က ဘယ်လိုကျန်သွားလဲတော့မသိဘူး“ ဟု တိုင်းအမှတ် ၁ မိုးညှင်းစက်ရုံမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ အလုပ်တာ၀န်များမှ ယာယီရပ်နားခံရသည့် ၀န်ထမ်းများမှာ ကြီးကြပ်ရေးမှုး (စက်ခေါင်း) တစ်ဦး၊ စက်ခေါင်းမောင်း ၂၂ ဦး၊ စက်ခေါင်းမောင်း (၅) မီးထိုး ၂၂ ဦးနှင် စက်ခေါင်းမောင်း (၅) ဆီလောင်း လေးဦးတို့ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့၀န်ထမ်းအများစုကတော့ လိုင်းခန်းမှာမနေကြဘူး အနည်းစုပဲနေကြတယ် ပြီးတော့ အလုပ်က အပြီးထုတ်တာမဟုတ်သေးဘူးဆိုတော့ လိုင်းခန်းကိစ္စ ဘာမှတော့ မပြောလာသေးဘူးဗျ” ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးရထား၀န်ထမ်းများ CDM ပါ၀င်မှု ၉၉ ရာခိုင်နှုန်းနီးပါရှိခဲ့ပြီး Non CDM ဖြင့် ပြန်ရုံးတက်မှုများကြောင့် လက်ရှိတွင် အနည်းဆုံး ၉၀ ရာခိုင်းနှုန်းခန့် CDM လှုပ်ရှားမှုတွင် ပါ၀င်နေဆဲဖြစ်ကြောင်းသိရသည်။
မိုးညှင်းမြို့တွင် စစ်တပ်မှာ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အစိုးရ၀န်ထမ်းများ ပုဂ္ဂလိက၀န်ထမ်းများမှ CDM လှုပ်ရှားမှုများပါ၀င်လုပ်ဆောင်ခဲ့ကြပြီး အလုပ်တာ၀န်များမှ ရပ်နားခံရမှုများရှိနေကြောင်း သိရသည်။