ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် အပါအဝင် တရားစွဲခံထားရသူ လေးဦးအမှုကို လာမည့် မေ ၄ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
တောင်ကုတ်မြို့ (NLD) ပါတီမှ ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ (၂၅)၊ ငြိမ်းစုစီပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ ကိုချစ်မောင်မောင်အား ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။
၄င်းတို့အား ယမန်နေ့က ရုံးချိန်းတွင် ဥပဒေအရာရှိ ခွင့်ယူထားပြီး၊ တောင်ကုတ်မြို့နယ်တရားသူကြီးလည်း နေမကောင်းဖြစ်နေသဖြင့် ရုံးထုတ်လာခြင်းမရှိဘဲ မေ ၄ ရက်သို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
“မနေ့ (ဧပြီ ၂၁ ရက်) က ရုံးလည်းမထုတ်ဘူး။ အမှုလည်းမစစ်ဘူး။ မြို့နယ်တရားသူကြီးကလည်း နေမကောင်းဘူးဆိုပြီးတော့ ခွင့်တင်ထားတယ်။ ဥပဒေအရာရှိကလည်း သူ့အမျိုးသမီး မီးဖွားနေလို့ မီးဖွားခွင့်ယူထားတာဖြစ်တဲ့အတွက် ရုံးချိန်းပြန်ချိန်းလိုက်ပါတယ်” ဟု ဒေါ်သိင်္ဂီမောင်က ပြောသည်။
၄င်းတို့လေးဦးထဲမှ ဦးမင်းအောင်မှာ ခလရ (၅၄၄) တပ်ထဲတွင် ထိန်းသိမ်းခံထားရပြီး၊ ကျန်သုံးဦးမှာ တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
ပြီးခဲ့သည့်ရုံချိန်းတွင် ဦးမင်းအောင်က သွေးတိုးရောဂါရှိသဖြင့် အပြင်တွင် ဆေးကုသမှုခံယူချင်သည်ဟု ပြောကြားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က ပြောသည်။
“သူ ဟိုတစ်ပတ်က ရုံးချိန်းလာတဲ့အချိန်မှာ သွေးတိုးနေတယ်။ ကိုမင်းအောင်မှာ ဆေးတွေကလည်း သောက်နေရတော့ အပြင်မှာ ဆေးခန်းပြချင်တယ်။ နောက်ပြီးတော့ ကျန်းမာရေးစစ်ဆေးချက် ခံယူချင်တယ်လို့လည်း ပြောပါတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသူများအနက် ဦးမင်းအောင်၊ ဦးတင်သိန်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့သည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုချစ်မောင်မောင်သည် ဖေဖော်ဝါရီ ၁၇ ရက်က ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နေ့တွင် စစ်ဆေးရမည့် ALD ဗဟိုတွဲဘက်အတွင်းရေးမှူးနှင့် တခြားနှစ်ဦး၏အမှုတွင် video conferencing ဖြင့် ရုံးထုတ်ခဲ့သော်လည်း ဥပဒေအရာရှိ ခွင့်ယူထားပြီး၊ တောင်ကုတ်မြို့နယ်တရားသူကြီး နေမကောင်းဖြစ်နေသဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘဲ မေ ၄ ရက်သို့ပင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။